28.10.2012
၂၇.၁၀.၂၀၁၂ ရက်နေ့ ထုတ် First Weekly News ဂျာနယ် မှာ ၈၈ မျိုးဆက် ကျောင်းသား မင်းကိုနိုင် ပြော ထား တာလေး တွေ့လို့ ကိုယ်ရေး ကိုယ်တာ အလုပ်လေးတွေများ နေလို့ မရေးဖြစ်တာ ကြာပြီ ဖြစ်ပေမယ့် အနည်းငယ်တော့ တင်ပြချင်ပါတယ် .....
ကိုမင်းကိုနိုင် ပြောတာ ကိုလုံးဝ ကန့်ကွက်တယ် လို့ မဟုတ်ပါဘူး။ ပြောတဲ့ရည်ရွယ် ချက်နဲ့ စေတနာလေး ကိုတော့ အသိအမှတ် ပြုမိပါတယ် ။ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေမှာ စစ်တပ်က အာဏာသိမ်းခွင့် မပေးထားဘူး ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းသွားတယ်၊ ၁၉၇၄ အခြေခံဥပဒေမှာ စစ်တပ်ကို အာဏာသိမ်းခွင့်ပေးဖို့ ရေးမထားဘူး ၊ ဒါပေမယ့် ၁၉၈၈ မှာ အာဏာ သိမ်းသွား တာပါပဲ။ ၂၀၀၈ အခြေခံ ဥပဒေမှာတော့ အာဏာသိမ်းခွင့် ကို တရားဝင် ရေးဆွဲထား တယ်ဆိုတဲ့ သဘောမျိုး ပြောထားပါတယ် ....
ကျွန်တော် အကြံပြုပါရစေ ခင်ဗျာ ..... ၁၉၅၈ ခုနှစ်ဖြစ်ခဲ့တဲ့ ဖက်ဒရယ် မူ တောင်းဆိုပွဲကြီး၊ ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ တစ်ပါတီစနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ အမည်ခံ ( မင်းမဲ့စရိုက် ဆန်ဆန် လူသတ် ပစ္စည်းလု ) ပွဲကြီးတွေမှာ တပ်မတော်သာ အချိန်မီ မထိန်းသိမ်းခဲ့ဘူး ဆိုရင် ကျွန်တော် ပြောရဲပါတယ်။ အဲဒါကြီးကို ဘယ် အဖွဲ့အစည်း ဘယ်ပါတီက ထိန်းနိုင်မယ်လို့ ထင်ခဲ့ပါသလဲခင်ဗျာ။ အမေရိကန် စစ် သဘောင်္ ရန်ကုန်မြစ်ဝရောက်ခဲ့တဲ့အခြေအနေ၊ တရုတ်တင့်ကားပေါင်း အစီး ၂၀၀ ကျော် မူဆယ် ဘက် ကို ပြင်ဆင်ချီတက်လာချိန် တိုင်းပြည်ချောက်ထဲကျတော့မယ့် လက်တစ်ကမ်းအလိုမှာ အဲဒီ့တပ်မတော် ရှိခဲ့လို့ဆိုတဲ့ ကျေးဇူးလေးတစ်ခုတော့ တင်သင့်ပါတယ်။ အဲလိုမလုပ်ခဲ့ရင် ကျွန်တော်တို့မြေပုံအစိတ် အပိုင်း တစ်ချို့ ပွန်းပဲခဲ့ရုံမဟုတ် အဲဒီ့ကာလက ပေးဆပ်မှုထက် ပိုမိုတဲ့ပေးဆပ်မှုမျိုးကြုံရနိုင်ပါတယ်။ အဲဒီ့ တပ်မတော် အစိုးရလည်း ၁၉၈၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်ညီခဲ့ပေမယ့် အဲဒီ့နောက်ပိုင်း ကြိုးနီစနစ်၊ ခရိုနီဝါဒ၊ အာဏာရှင် ဆန်မှုတွေကြောင့် တိုင်းပြည်က တိုးတက်သင့်သလောက် မတိုးတက်ခဲ့တာကိုလည်း လက်ခံ ပါတယ်။ ကျွန်တော်က တပ်မတော်က အာဏာပြန်သိမ်း မှာကို လိုလားထောက်ခံခြင်း လုံးဝ ( လုံးဝ ) မရှိသလို ကျွန်တော်တို့ နိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်း၊ ရေမြေ ပထ၀ီ အနေအထား များကြောင့် အနာဂတ် နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုမှာတော့ တပ်မတော်ကို ချန်ထားခဲ့လို့မရပါဘူး။ ( ရှင်းရှင်းပြောရရင် တပ်မတော်မှ မဟုတ်ပါဘူး တိုင်းရင်းသားအားလုံး ဘယ်သူ့ကိုမှ ချန်ထားခဲ့လို့မရပါဘူး )
နောက်တစ်ခု ကိုမင်းကိုနိုင်ပြောသွားတာက ကမ္ဘာမှာ ဗာဆိုင်းစာချုပ်ဆိုတာရှိတယ်၊ ဂျာမနီနိုင်ငံကြီး အားကောင်း လာတဲ့အခါ အဲဒီ့ စာချုပ်ကို ပယ်ဖျောက်လိုက်တယ်၊ အရေးကြီးတာ အားပဲ၊ စာရွက်ပေါ်မှာ ဘာတွေရေးထားရေးထား ကျွန်တော်တို့အားကောင်းရင် ဘာမှလုပ်လို့မရဘူး။
ကိုမင်းကိုနိုင်ဆိုလိုတာကတော့ ၂၀၀၈ အခြေခံဥပဒေကို ဘာရေးထားထား ဂရုစိုက်စရာမလိုပါဘူး၊ အားလုံးရဲ့ အားနဲ့ ဆန့်ကျင်ရင်ရတာပဲဆိုတဲ့သဘောပါပါတယ်။ အဲဒီ့ခေတ် ကာလက ဟစ်တလာ ဦးဆောင်တဲ့ ဂျာမနီနိုင်ငံကြီးက ဗာဆိုင်းစာချုပ်ကို နည်းမှန်လမ်းမှန် မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ပယ်ဖျောက်ပြီးလုပ်နည်းကိုင်နည်းမှားလို့ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခဲ့ကြရဘူးလားဗျာ။ အဲဒီ့ စစ် ပွဲတွေကြောင့် နောက်ဆုံးဒုက္ခရောက်ခဲ့ရတာ တစ်ကမ္ဘာလုံးက ပြည်သူတွေပါပဲ။
ကျွန်တော်တို့တစ်တွေဟာ ကျွန်တော်တို့ရဲ့မျိုးဆက်တွေကို အထက်ကို တော်လှန်တဲ့ဓလေ့ နည်းမှန် လမ်းမှန် စနစ်မှန်နဲ့ ဥပဒေအတိုင်းမဖြေရှင်းပဲ ခံစားမှုဦးစားပေး ထင်ရာစိုင်းတတ်တဲ့ မျိုးဆက်သစ်များ မမွေးထုတ်ကြဖို့ အားလုံးမှာတာဝန်ရှိကြတယ်လို့ အကြံပြုပါရစေခင်ဗျာ၊
လက်ရှိတိုင်းပြည်တွင် အရေးတကြီးလိုအပ်နေဆဲဖြစ်သော ရခိုင်ပြည်နယ် တည်ငြိမ်ေ၇း၊ ကချင်ပြည် နယ်ကြီး ငြိမ်းချမ်းရေး၊ အလုပ်လက်မဲ့ ပြဿနာများလျော့ကျရေး၊ အစရှိသည်တို့ကို ဦးစားပေး ဖြေရှင်း ကြရမည်ဟု အလေးအနက်ယုံကြည်မိပါသည်။
ကျွန်တော်တို့နိုင်ငံ၏ ဒီမိုကရေစီသက်တမ်းဟာ ၂ နှစ်ခွဲတာမျှ ရှိသေးပြီး အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တရားရေးလွှတ်တော်၊ စတုတ္ထမဏ္ဍိုင်အစရှိသည့် အားလုံးသော မြန်မာနိုင်ငံသားများအနေဖြင့် ဒီမိုကရေစီ အတွေ့အကြုံနုနယ်သေးချိန်တွင် စိတ်ဝမ်းကွဲစရာ၊ အပြစ်ရှာစရာ၊ လက်ညှိုးထိုးစရာများ၊ စည်းလုံးမှု ပြိုကွဲစေနိုင်သော ပြုမူပြောဆိုခြင်းများနှင့် မိမိတို့ ထင်ပေါ်ကျော်ကြားရေး အပေါစား စည်းရုံးပြော ဆိုမှုများ ထက် အနာဂတ် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ စစ်မှန်သော တိုင်းရင်းသား စည်းလုံး ညီ ညွတ် မှု၊ ခိုင်မြဲသော ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားများအားလုံး ညီညာစွာ တည်ဆောက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း ........
Sitt Thura Aung
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။