Pages

Friday, January 11, 2013

မအူပင်မြို့ ၌ NLD ညီလာခံကျင်းပမည့်နေ့ တွင် ဆန္ဒပြရန်ရှိနေ

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ မြို့နယ်ညီလာ ခံကျင်း ပ ပါက ဆန္ဒပြကြမည်ဟု ပါတီဝင်အဖြစ်မှ ယာယီထုတ်ပယ်ခြင်းခံထားရသူ ဦးအောင်ကြီးက ဇန်နဝါရီလ ၊ ၈ ရက်နေ့ တွင် ပြောကြားသည် ။ " အဓိကကတော့ မဖွဲ့ရသေးတဲ့ ရပ်/ကျေးညီလာခံတွေ ကို ပြန် ဖွဲ့ပေး ဖို့ ၊ ထင်သာမြင်သာရှိတဲ့ မြို့နယ်ညီလာခံ ကျင်းပဖို့နဲ့ ယာယီအထုတ်ခံထားရတဲ့ (၂၆)ဦး ကို ပြန်လည် အရွေးချယ်ခံခွင့် ပေးဖို့ပါ ။
 
 လောလောဆယ်တော့ မြိ့နယ်ညီလာခံ လုပ်မယ့်နေ့မှာ ဆန္ဒပြမယ် ။ ဒီနေ့လည်း ညီလာခံလုပ်မယ် ကြားလို့ အယောက်(၂၅၀)ဆန္ဒဖော်ထုတ်မယ်လို့ ခွင့်ပြုမိန့် တောင်းထား တာပါ ။ ဒီနေ့ညီလာခံမလုပ်လို့ မပြပေမယ့်လည်း နောက်နေ့တွေအတွက် ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့်ကို ဆက်တိုက်တောင်းသွားမှာပါ " ဟု ၎င်းကပြောသည် ။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၊ ၃ရက်နေ့က NLD မြို့နယ်ညီလာခံကျင်းပရေး ကော်မရှင်ကို ပါတီဝင်(၂၅၀)က ဆန္ဒပြသခြင်းနှင့်ပက်သက်၍ မြို့နယ်ကိုယ်စားလှယ်လောင်း (၂၆)ဦးအားဗဟိုမှညီလာခံ ကျင်းပ ပြီးစီးချိန်အထိ ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ (၅)ဦးကိုလည်း ဒီဇင်ဘာလ(၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့များက ခွင့်ပြုမိန့်မရရှိပဲ ဆန္ဒပြခဲ့သည့်အတွက် မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှ ပုဒ်မ(၁၈)နှင့် တရားစွဲဆိုထားကြောင်း ဆက်လက်ပြောကြားသည် ။ 
 
ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရသည့်အပြင် ပုဒ်မ(၁၈)နှင့်ပါ အမှုရင်ဆိုင်နေရသူ တစ်ဦးဖြစ်သော ဦးဇော်မင်းဦးက "ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းတဲ့စာကို ဗဟိုကနေ ဒီဇင်ဘာ(၁၈)ရက်နေ့က ထုတ်ပေး ထား တာ ၊ ကျွန်တော်တို့ဆီကို (၂၆)ရက်နေ့မှရောက်ပြီးသိရတာ ၊ ညီလာခံက (၂၈)ရက်နေ ဆိုတော့ အရမ်းကပ်နေပြီ၊ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်းလိုက်ပေမယ့် မမီတော့ဘူး ။ ဒီတော့ ဆန္ဒလည်းပြရော ခွင့်ပြုမိန့် မရှိတော့ ပုဒ်မ(၁၈)နဲ့ အစွဲခံရတယ် ။ သူတို့လည်း အဲဒီ(၂၈)ရက်နေ့က ညီလာခံမ လုပ်ဖြစ် တော့ဘူး ။ ဗဟိုဦးစီးစနစ်ဆိုတာကတော့ ရှိသင့်ပါတယ် ။ ဒါပေမယ့် လိုအပ်တာထက် ပိုနေ ရင်တော့ မကောင်းပါဘူး " ဟု ပြောကြားသည် ။ 
 
 အဆိုပါကိစ္စများနှင့်ပက်သက်၍ မအူပင်မြို့နယ် NLDညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဌ ဦးဝင်းရွှေက ရပ်/ကျေးညီလာခံ ကျင်းပမှုတွင် ကျေးရွာအုပ်စု (၈၈)အုပ်စုအနက် (၆၉)အုပ်စုကို အောင်မြင်စွာ ကျင်းပပြီး စီးနိုင် ခဲ့ပြီးဖြစ်ကြောင်းနှင့် မြို့နယ်ညီလာခံကိုလည်း ဆက်လက်ကျင်းပ သွား မည်ဖြစ်ကြောင်း   ပြောကြား ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ၊ NLDညီလာခံ ကျင်းပရေးကော်မ ရှင် ဥက္ကဌ ဒေါက်တာအေးကြူ က လည်း " ညီလာခံကျင်းပပြီးစီးဖို့အတွက် ဦးတို့ဘက်ကနေ လိမ္မာပါးနပ်စွာ ကိုင် တွယ် သွားမှာပါ ။ ဒီ တိုင်းပြည်က မင်းမဲ့တိုင်းပြည်မှ မဟုတ်ပဲ ။ မအူပင်က သက်ဆိုင်ရာ အာဏာ ပိုင်တွေနဲ့ လည်း သဘောတူညီထား ပြီးသားပါ။ 
 
သူတို့ဆီကနေ နှုတ်ကတိ ရထားပါတယ် ။ ဦးတို့ကို ညီလာခံကျင်းပလို့ရအောင် ကာကွယ်ပေးပါမယ်တဲ့  ။ အခုအခြေအနေ အတိုင်းဆို အာဏာပိုင်တွေကို နောက်ထပ် အကြောင်းကြားရပါ့မယ် ။ မအူပင်မှာတင် မရရင်တိုင်းဝန်ကြီးချုပ်အထိ တတ်တိုင်သင့်ရင် တိုင်ရမယ် " ဟု ပြောကြားခဲ့သည် ။ မအူပင်မြို့တွင် ကြားဖြတ်ရွေးကောက်ပွဲပြီးစီးချိန်မှစ၍ NLD ပါတီတွင်း မကျေလည်မှုများစတင်ခဲ့ခြင်းဖြစ်ပြီး ဗဟိုမှ ကိုင်တွယ် စီမံမှု ညံ့သောကြောင့် ယခုကဲ့သို့ ပြဿနာများ ကြီးထွားလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောကြားသည် ။
 
 www.MyanmarExpress.net

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

မအူပင်မြို့ ၌ NLD ညီလာခံကျင်းပမည့်နေ့ တွင် ဆန္ဒပြရန်ရှိနေ

Labels:

0 comments: