Pages

Sunday, December 16, 2012

“““ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မော်လမြိုင် တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များအား တွေ့ဆုံ အမှာစကား ပြောကြားပြီး မော်လမြိုင်မြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေ အနေများ လှည့်လည်ကြည့်ရှု စစ်ဆေး ”””

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ဒေါက်တာမြအေး နှင့် ဦးကျော်လွင်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် ဒီဇင်ဘာ (၁၅) ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး နံနက် (၉) နာရီ (၁၅) မိနစ်တွင်  ရာက်ရှိသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်း၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများက မော်လမြိုင်လေဆိပ်၌ ကြိုဆိုကြသည်။
      
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား လေဆိပ်အထွက်လမ်းမှ မော်လမြိုင်တက္ကသိုလ် လမ်းတစ်လျှောက် ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊   ကျောင်းသူများက 'နိုင်ငံတော်သမ္မတကြီး ကျန်းမာပါစေ' ဟု ကြွေးကြော်၍ လည်းကောင်း၊ နိုင်ငံတော် အလံငယ်များ ဝှေ့ယမ်း၍လည်းကောင်း လှိုက်လှဲစွာကြိုဆို ကြသည်။ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်တက္ကသိုလ်သို့ ရောက်ရှိ ကြရာ ပါမောက္ခချုပ် ဒေါက်တာဌေးအောင်နှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများက ကြိုဆို ကြသည်။
      
ယင်းနောက် နိုင်ငံတော်သမ္မတသည် ခင်းကျင်းပြသထားသည့် အဏ္ဏဝါသပ္ပံပါရဂူဘွဲ့ ကျမ်းများ၊ မော်လမြိုင် တက္ကသိုလ် သုတေသနဂျာနယ်၊ ဆရာ၊ ဆရာများ၏ ပါရဂူ ဘွဲ့ကျမ်းများ၊ မဟာသုတေသနကျမ်းများကို ကြည့်ရှု၍ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ စဉ်ဆက်မပြတ် သင်ကြားပို့ချရေး စီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်တက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပသည့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက မော်လမြိုင် တက္ကသိုလ်၏ သမိုင်းအကျဉ်းချုပ်၊ သင်ကြားပို့ချသော အထူးပြုဘာသာရပ်များ၊ မြို့နယ် အလိုက် ကျောင်းသား ဦးရေနှင့် ဆရာ၊ ဆရာမအင်အား၊ စာသင်ဆောင်များ ဆောက်လုပ် ပြီးစီးမှုနှင့်  သင်ကြားစီမံ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
      
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် မော်လမြိုင် တက္ကသိုလ် သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ် လူငယ်များ ပညာ ဆည်းပူးနိုင်ရန် နှင့် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး မျိုးချစ်စိတ်ဓါတ် ထက်သန်အောင် သင်ကြားပေးကြသည့် ဆရာ၊ ဆရာမများကို ကျေးဇူးတင်ရှိ ပါကြောင်း၊ မော်လမြိုင်တက္ကသိုလ်သည် အစဉ်အလာ ကြီးမားသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး ယခင်က နိုင်ငံ့သားကောင်းများ၊ ဆရာဝန်ကြီးများ၊ စာရေးဆရာများ၊ ခေါင်းဆောင်များ၊ တပ်မတော် အရာရှိကြီးများ   မွေးထုတ်ပေးနိုင် ခဲ့ကြောင်း၊   နောင်အနာ   ဂတ်တွင်လည်း ယခုကဲ့သို့ မွေးထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း ၊ ကျောင်းသား    ကျောင်းသူများ   အနေဖြင့် တစ်ဦးချင်း စွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက်အောင်   လေ့ကျင့်ပေးရန် လိုကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း ကိုယ်တိုင်ဖန်တီးနိုင်စွမ်း ရှိကြမည်ဟုလည်း ယုံကြည် ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် သစ်တော၊ သတ္တု၊ သားငါးနှင့် စိုက်ပျိုးမြေများ စသည့် အဖိုးတန် သဘာဝသယံဇာတ ပေါများစွာရှိကြောင်း၊ သို့သော်လည်း နိုင်ငံတကာနှင့် ယှဉ်ကြည့် လျင် နောက်ကျနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်းအချက်အပေါ် ပြန်လည်သုံးသပ်ပါက သဘာဝသယံဇာတကို အကျိုးရှိအောင် အသုံးချနိုင်သည့် လူ့စွမ်းအား အရင်းအမြစ် (Human Resources) လိုအပ်ချက် ရှိသည်ကို တွေ့ရကြောင်း၊ ယင်းအချက်ကို ပညာရေးကသာ မွေးဖွားသန့်စင် ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ သည် မိမိတို့ တစ်ဦးချင်းအတွက်သာမဟုတ်ဘဲ နိုင်ငံတော်၏ အနာဂတ် အတွက်ပါ အရေးကြီးသည်ဟု ခံယူထားရန်လိုကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များကသာ အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ကြောင်း။

နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ စီးပွားရေး၊ လူမှုရေး ကဏ္ဍများကိုပါ ပြောင်းလဲမှုများ လုပ်ဆောင် လျက်ရှိကြောင်း၊ ယင်းလုပ်ဆောင်ချက်များကို နောက်ကြောင်းပြန်မလှည့် စေရန် မိမိတို့အစိုးရအဖွဲ့က အစွမ်းကုန်ကြိုးစား သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့သမိုင်းကို ကြည့်ပါကလည်း ပြောင်းလဲမှုကာလများတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ကြရလေ့ ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း စိန်ခေါ်မှု အခက်အခဲ အတားအဆီး များကို ရင်ဆိုင် ကျော်လွှားရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု၊ ပြောင်းလဲမှု များနှင့် ယှဉ်တွဲပါလာသည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အခက်အခဲ များကို ကြုံတွေ့ရတိုင်း မိမိတို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်   ဖြေရှင်း ဆောင်ရွက်နိုင် ခဲ့သည့် သာဓကများလည်းရှိခဲ့ကြောင်း၊ အပြောင်းအလဲ များကို ဖော်ဆောင်နေသည့် ကာလတွင် နိုင်ငံသားတစ်ဦးချင်းစီ၏ စွမ်းဆောင်မှုများဖြင့် အခက်အခဲကို ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်သည် တက္ကသိုလ်များက မွေးထုတ်လိုက်သည့် မျိုးဆက်သစ်များအပေါ်တွင် များစွာတည်မှီနေကြောင်း၊ ပညာရေးအဆင့်အတန်း ကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်သွားရန်လိုကြောင်း၊ ပညာရေး ကဏ္ဍတွင် နေ့စဉ်နှင့်အမျှ   ပြောင်းလဲလျှက်ရှိ ရာ   နေ့စဉ်နှင့်အမျှ   လေ့လာနေရန်လိုကြောင်း ၊ ဆရာ ဆရာမများ အနေဖြင့်လည်း ပညာကို စဉ်ဆက်မပြတ်အမြဲတမ်း   လေ့လာသင်ယူ နေရန်လိုကြောင်း၊ ဘွဲ့ရရုံဖြင့် ပြီးဆုံးသည်ဟု မခံယူဘဲ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်    လေ့လာသင်ယူကြရန် လိုကြောင်း၊ ယနေ့ ကာလတွင် ဘွဲ့လွန်သင်တန်း၊ ပါရဂူဘွဲ့ သင်တန်းများ တက်ရောက်သင်ကြားနိုင်ရန် အလားအလာကောင်း များစွာရှိနေကြောင်း၊ ကောင်းမွန်သည့် အပြောင်းအလဲများနှင့် အတူ အနာဂတ်နိုင်ငံတော်သည် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ကျောင်းသား ကျောင်းသူများ တစ်ဦးချင်းကပါ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တွင် ပါဝင်လာကြရန် တိုက်တွန်းလိုကြောင်း၊ ယနေ့ အချိန်တွင် နိုင်ငံရေး၌ လူတိုင်းပါဝင်ဆောင်ရွက်ခွင့် ၊ မီဒီယာလွတ်လပ်ခွင့်၊ စီးပွားရေး လူတိုင်းလုပ်ကိုင်နိုင်ခွင့် အခွင့်အလမ်းများ ရရှိနေပြီဖြစ်ကြောင်း၊ ဖြစ်ထွန်းနေသည့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ ရပ်တန့််မသွားအောင် အသိတရားဖြင့် မိမိအပါအဝင် ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၊ လူမှုအဖွဲ့အစည်းများပူးပေါင်း၍ ပညာဉာဏ်ဖြင့် ညီညီညွှတ်ညွှတ် ဆောင်ရွက်ကြလျှင် ဒီမိုကရေစီလှေကြီး နောက်ပြန် လှည့်စရာ အကြောင်း မရှိပါကြောင်း၊ အခက်အခဲများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီလှေကြီး ပန်းတိုင်သို့   ရောက်ရှိအောင်   ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
      
ယင်းနောက် နိုင်ငံတော်သမ္မတသည် မော်လမြိုင်တက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ် (သထုံ) နှင့် နည်းပညာတက္ကသိုလ်(မော်လမြိုင်) တို့မှ ပါမောက္ခချုပ်များအားတွေ့ဆုံ၍ လိုအပ်ချက်များ ကို မေးမြန်းပြီး  ကျောင်းဆောင်များနှင့် ဆရာ၊ ဆရာမ အိပ်ဆောင်များတွင် ရေ၊ မီး အဆင်ပြေမှုရှိရန် နှင့်ေ ကျာင်း သား၊ ကျောင်းသူများ သွားလာမှု အဆင်ပြေရန် သက်ဆိုင်ရာ  ဒေသ အာဏာပိုင်များနှင့် တင်ပြညှိနှိုင်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း ၊ မော်လမြိုင်တက္ကသိုလ်သည် အစဉ်အလာရှိသော တက္ကသိုလ်ကြီးဖြစ်ကြောင်း၊ ဤ တက္ကသိုလ်ကြီးမှ နိုင်ငံ့သားကောင်းများစွာကို မွေးထုတ် ပေးခဲ့ပြီးဖြစ်ေ ကြာင်း၊   ထို့ကြောင့် ဤတက္ကသိုလ်ကြီးကို Excellence တက္ကသိုလ်ကြီးဖြစ်အောင်        ဆောင်ရွက်ရမည်     ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိချည်းသာဆောင်ရွက်မနေဘဲ နိုင်ငံတကာ တက္ကသိုလ် များနှင့် ချိတ်ဆက် ဆောင်ရွက်ရန်လိုကြောင်း၊ အဏ္ဏဝါဗေဒကျွမ်းကျင်သည့် ကိုရီးယား၊ ဂျပန်တို့ကဲ့ သို့သော တိုင်းပြည်များရှိ တက္ကသိုလ်များနှင့်ပါ ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပတက္ကသိုလ် များမှ ဧည့်ပါမောက္ခများကိုပါ ဖိတ်ခေါ်ပြီး သင်ကြား သင်ယူမှုဆိုင်ရာ များ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များကို လက်တွေ့နယ်ပယ်၌ တိုင်းပြည်အကျိုးရှိသည့် လုပ်ငန်းများလုပ်ကိုင်နိုင် ကြသူများဖြစ်အောင် သင်ကြားပို့ချပေးရန်လိုကြောင်း၊ သင်ကြားပို့ချရာတွင်လည်း ကျောင်းသားဗဟိုပြုနည်းဖြင့် လေ့ကျင့်သင်ကြား ပေးရန်လိုကြောင်း၊ ကျောင်းသားများ ကိုယ်တိုင် ရှာဖွေ မှတ်သား လေ့လာသင်ယူသည့် စနစ် (Self Study) ကျင့်သုံးသွားရန် ဖြစ်ကြောင်း၊  တက္ကသိုလ်မှ ဘွဲ့ရသည်နှင့် မဟာတန်းနှင့် ပါရဂူ တန်းများဆက်လက် သင်ယူနိုင်အောင်အထိ သင်ကြားလေ့ကျင့်ပေးရန် လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်သည့်အခါ အခက်အခဲများရှိပါကလည်း သတ္တိရှိရှိ ကျော်လွှားကြရမည်ဖြစ်ကြောင်း၊ ဤတက္ကသိုလ်မှ မွေးထုတ်ပေး လိုက်သည့်   ကျောင်းသား ကျောင်းသူများသည် စည်းကမ်း ကောင်းမွန်သူများ၊ တိုင်းပြည်ချစ်စိတ်ရှိသူများ၊ ကိုယ်ကျင့်တရားကောင်းသူများဖြစ်လာပြီး ဘွဲ့ရသည်နှင့် လုပ်ငန်းခွင်ထဲသို့ တန်းဝင်ပြီး လုပ်ကိုင်နိုင်သူများဖြစ်အောင် လေ့ကျင့် မွေးထုတ် ပေးရန်လိုကြောင်း၊ တိုင်းရင်းသားယဉ်ကျေးမှု စာပေနှင့်ပတ်သက်၍လည်း သင်ရိုးညွှန်းတန်း၌ မပဝင်သော်လည်း မိမိတို့တိုင်းရင်းသားလူမျိုး၏ ယဉ်ကျေးမှုနှင့် စာပေကို ဆက်လက်ရှင်သန် နေအောင် အားပေးလုပ်ဆောင်သွားရန် လိုကြောင်းဖြင့် မှာကြားသည်။
      
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသော ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေး အမှာ စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ဖွံ့ဖြိုးစည်ပင်မှုနှင့် ကမ်းနား လမ်း ပြုပြင်တည်ဆောက်ထားမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု   လေ့လာကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များလိုက်ပါလျှက် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး   အောင်ဆန်း ခန်းမ၌ ကျင်းပသည့် ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက နိုင်ငံတော်၏ နိုင်ငံရေးပြုပြင်   ပြောင်းလဲမှုများနှင့်အတူ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေမှု၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ညှိနှိုင်း၍ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပနေမှုနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုပြုလုပ်ရာတွင် အခြေအနေမှန်ကို ကွင်းဆင်း ကြည့်ရှု၍ ဆုံးဖြတ်လုပ်ကိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုများ   ဆောင်ရွက်နိုင်ရန် ဥပဒေရေး ဆွဲပြီးစီးမှုနှင့် နည်းဥပဒေများရေးဆွဲနေမှု ရင်းနှီးမြုပ်နှံမှုမူဝါဒ (၄) ရပ် ချမှတ်ဆောင်ရွက်နေမှု ၊ ရင်းနှီးမြုပ်နှံမှု ကော်မရှင်အနေဖြင့် ပိုမို၍ ပွင့်လင်းမြင်သာမှုရှိအောင် ပြင်ပ ပညာရှင်များကိုပါ ထည့်သွင်းပြီး ရင်းနှီးမြုပ်နှံမှု စစ်ဆေးရေးအဖွဲ့များဖြင့် ဆောင်ရွက်နေမှုနှင့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယနေ့ခေတ်ကာလသည် ပြုပြင် ပြောင်းလဲမှု  များကို ဆောင်ရွက်နေသည့် ကာလဖြစ်ကြောင်း၊ စနစ်ပါပြောင်းပြီး ပြုပြင် ပြောင်းလဲနေခြင်း ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရခြင်း၏ ရည်ရွယ်ချက်နှင့် မည်သည့်အချက်များကို ပြုပြင်ရမည်နှင့် မည်သို့ ပြုပြင်မည်ကို သိရှိထားရန်လိုအပ်ကြောင်း၊ ပြုပြင်ရခြင်း၏ ရည်ရွယ်ချက်၊ တစ်နည်းအားဖြင့် တိုင်းပြည်၏ရည်မှန်းချက်မှာ ပြည်သူများ၏တူညီသည့် ဆန္ဒကို အကောင် အထည်ဖော်ရန်ပင် ဖြစ်ကြောင်း၊ ပြည်သူများ၏တူညီသည့် ဆန္ဒမှာ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု ရှိရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လိုခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသို့ သွားရန်လုပ်ဆောင်နေ ကြောင်း၊ အဓိကလိုအပ်ချက်ဖြစ်သည့် နိုင်ငံရေး တည်ငြိမ်အေးချမ်းမှုရှိရန် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်လာနိုင်စေရန်ရည်ရွယ်ပြီး ဖြေလျော့မှုများ လုပ်ဆောင်ခဲ့ပါကြောင်း၊ နိုင်ငံတည်ဆောက်မှုအပိုင်းတွင် ပါဝင်နိုင်ရေး အကျဉ်းသားများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့ ကြောင်း၊ နိုင်ငံတော်တွင် ယခုအခါ အထိုက်အလျှောက် တည်ငြိမ်မှုရှိလာပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) မှစတင်၍ လူမျိုးစု လက်နက်ကိုင် အဖွဲ့များ ပေါ်ပေါက်လာခဲ့သည့်အတွက် မိမိတို့ အစိုးရအသစ်က လည်း အမွေခံအဖြစ် ဆက်ခံခဲ့ရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများရှိနေသရွေ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိနိုင်မည် မဟုတ်ကြောင်း၊ ပြည်ထောင်စုကြီးမပြိုကွဲအောင် စောင့်ရှောက်ရာတွင် ဒို့တာဝန်အရေးသုံးပါးသည် အဓိက ကျကြောင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိရန် ပထမအဆင့် အပစ်အခတ်ရပ်စဲအောင် ဆောင်ရွက်ပြီး နိုင်ငံရေးအရ ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ယခုအခါ ပြည်နယ်အဆင့်သာမက ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင့်အထိ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ လူမျိုးစုလက်နက်ကိုင် (၁၁)ဖွဲ့ ရှိသည့်အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းမှုရနေပြီဖြစ်ကြောင်း၊ တိုင်းပြည်မြောက်ပိုင်းရှိ KIO / KIA ကချင်လက်နက်ကိုင် အဖွဲ့အစည်းနှင့် လည်း ထိတွေ့ဆက်ဆံဆွေးနွေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းတို့အနေဖြင့်လည်း နိုင်ငံတော် ၏ စိတ်ရင်းစေတနာနှင့် သဘောထားအမှန်ကို သိမြင်နားလည်လာပြီး မကြာမီ ငြိမ်းချမ်းရေး သဘော တူညီမှုရရှိလာနိုင်တော့မှာဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု ကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ။

မိမိတို့နိုင်ငံ၏ လူဦးရေ(၇၀)ရာခိုင်နှုန်းသည် ကျေးလက်၌ နေထိုင်ကြပြီး၊ အများစုမှာ ဆင်းရဲသူများ ဖြစ်နေကြောင်း၊ သို့ဖြစ်၍ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်(၈)ရပ်ကို ချမှတ်လုပ်ဆောင် လျက်ရှိကြောင်း ၊ ဆင်းရဲနွမ်းပါးသူများ အရင်းအနှီးရရှိအောင် အသေးစား ငွေစုငွေချေး အသင်းများဖွဲ့စည်း၍ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းပြည်တွင် အလုပ်အကိုင် ပေးနိုင်မှု နည်းပါး၍ ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေကြရကြောင်း၊ ယင်းသို့ လုပ်ကိုင်ရာတွင် အလုပ်ကြမ်းများဖြစ်သည့် အခြေခံအလုပ်၊  အောက်ခြေအလုပ်များလုပ်နေကြရ ကြောင်း၊ ပြည်ပတိုင်းပြည်တွင် ရရှိသည့်ဝင်ငွေမျိုး မိမိတို့ တိုင်းပြည်၌မရနိုင်၍ သွားရောက် လုပ်ကိုင်ရ ခြင်းဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်၌ အလုပ်အကိုင်များများရရှိနိုင်သည့် စက်ရုံ၊ အလုပ်ရုံများ ထူထောင်ရန် လုပ်ဆောင်နေကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင် အရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ် လိုအပ်ကြောင်း၊ ယင်းအချက် (၃) ချက်မရှိဘဲ စက်ရုံ၊ အလုပ်ရုံ ထူထောင်၍ မရကြောင်း၊ ပြည်ပရင်းနှီး မြုပ်နှံမှုများဖိတ်ခေါ်သကဲ့သို့ တစ်ဖက်ကလည်း စီးပွားရေးပိတ်ဆို့ထားရှိမှု များ ရပ်စဲအောင် လုပ်ဆောင်နေကြောင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုဥပဒေ လိုအပ်သည့်အတွက် ယခုအခါ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေ (FDI Law) ကိုလည်း အတည်ပြုပြီးဖြစ်ကြောင်း၊ စက်မှုဇုန်များ ထူထောင်နိုင်ရန် ကြိုးစား နေစဉ်အတွင်း လူအများစု အလုပ်အကိုင်ရရှိနိုင်သည့် အထည်ချုပ်လုပ်ငန်းများကဲ့သို့ စက်ရုံ၊ အလုပ်ရုံများကို ဖိတ်ခေါ်နေ   ကြောင်း၊ ပြည်သူ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် အဓိကလုပ်ဆောင်နေကြောင်း၊ မိမိတို့ နိုင်ငံတွင် သဘာဝ သယံဇာတထွက်ကုန်ပေါများပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ သံ၊ ကြေးနီစသည်တို့ ရှိကြောင်း၊ ၎င်းတို့ကို အခြေခံပြီး အကြီးစားစက်မှု လုပ်ငန်းများ လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ ဆက်သွယ်မှု လုပ်ငန်းများနှင့် ပတ်သက်သည့် အိုင်တီလုပ်ငန်း အလုပ်ရုံ၊ စက်ရုံများကိုလည်း ရည်မှန်းချက်ထားရှိပြီး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ လက်ရှိအချိန်၌ ကြိုးစားနေဆဲ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင် အကောင်အထည်ဖော် သွားနိုင်မည်ဖြစ်ကြောင်း။
      
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်အောင် တည်ဆောက်ရာတွင် လှေကြီးကို အားသွန်ခွန်စိုက် ကြိုးစားလှော်ခတ်နေရန် လိုကြောင်း၊ ရေသာခိုနေခြင်းများသာမက နောက်ကို ပြန်လှော်နေ၍ မရပါကြောင်း၊ လှေကြီးကိုပဲ့ကိုင်နေသည်မှာ မိမိတို့အစိုးရအဖွဲ့ဖြစ်ပြီး ပဲ့ကိုင်သူ ကျွမ်းကျင်ပါက ပန်းတိုင်ကိုဖြောင့်ဖြောင့်တန်းတန်း သွားနိုင်မည်ဖြစ်ကြောင်း၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရဖြစ်လာအောင် ဌာနဆိုင်ရာဝန်ထမ်းများကလည်း အားလုံး ဝိုင်းဝန်းကြိုးပမ်း သွားကြရ မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် မုဒုံမြို့သို့ ရောက်ရှိကြ ပြီး မုဒုံကန်ကြီးစေတီတော် အနီးရှိ ကန်တော်ကြီးကို ကန်ပတ်လမ်းအတိုင်း လှည့်လည် ကြည့်ရှုကြ သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မုဒုံမြို့ရှိ ပုဂ္ဂလိကပိုင် ရော်ဘာပျိုးပင်နှင့် သစ်သီးခြံသို့ ရောက်ရှိကြပြီး သစ်သီးခြံအတွင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် စပ်မျိုးဒူးရင်းနှင့် ကျွဲကောပင်များကို ကြည့်ရှုလေ့လာရာ ခြံပိုင်ရှင်ဦးသန်းဇော်က စိုက်ပျိုး ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့သို့ ပြန် လည် ရောက်ရှိကြသည်။

Myanmar Daily Star Group

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မော်လမြိုင် တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များအား တွေ့ဆုံ အမှာစကား ပြောကြားပြီး မော်လမြိုင်မြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေ အနေများ လှည့်လည်ကြည့်ရှု စစ်ဆေး ”””

Labels:

0 comments: