Pages

Monday, October 29, 2012

KIA မှ ဖားကန့် - မိုးကောင်း လမ်းအား တားဆီး၍ ဆက်ကြေးငွေ တောင်းခံ နေ

29.10.2012

KIA တပ်မဟာ(၂)၊ တပ်ရင်း(၆) လက်အောက်ခံ မံဝယ်စခန်းမှ KIA တပ်ဖွဲ့ဝင်(၁၀) ဦးနှင့်  ပြည်သူ့စစ် (၂၀) ဦး စုစုပေါင်း ( ၃၀ ) ဦး သည် ကာမိုင်းမြို့နယ်ခွဲရှိ မံဒင်ရွာတွင် နေ ပြီး ဖားကန့် - မိုးကောင်း လမ်း အား တားဆီး ၍ ဆက်ကြေးငွေတောင်းခံနေကြောင်း သိရပါတယ်။

အဆိုပါ KIA တပ်ဖွဲ့ဝင်များသည် မိုးကောင်းမှ ဖားကန့်သို့ တက်လာသော ယာဉ်များအား တားဆီး ရှာဖွေခြင်း များပြုလုပ် လျက်ရှိပြီး ကားများတွင် ပါရှိသည့် ပစ္စည်းများအနက် ဆန် တစ်အိတ် လျှင် ၁၀၀၀ ကျပ်နှင့် စက် သုံးဆီ တစ်ပေပါလျှင် ၁၀၀၀၀ ကျပ် ကောက်ခံလျက် ရှိပါတယ်။ အခြား ပစ္စည်းများကိုတော့ ပစ္စည်း တန်ဖိုးပေါ် မူတည်၍ တောင်းခံနေကြောင်း သိရပါတယ်။

ထို့အပြင် ကားနှင့် အတူပါရှိလာသော လူများမှ လူငယ်လူရွယ်များ အား လူသစ်အဖြစ် ဖမ်း ဆီးခေါ် ဆောင်နေ ကြောင်း အဆိုပါ ဂိတ်အား ဖြတ်သန်း လာသူ ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

``ကျွန်တော်တို့ ကားမှ ဆန်အိတ်(၅၀)ပါတယ်။ ဆန်အိတ်အတွက် (၅၀၀၀၀)ကျပ် ပေးရတယ်။ ကားအတွက်က (၅၀၀၀)ကျပ် ပေးရတယ်။ ဒါတစ်နေရာအတွက်ပဲရှိသေးတယ်။ သူတို့ဂိတ်မတိုင်ခင် တစ်ဖွဲ့ရှိတယ်၊ ပြီးတော့ ဖားကန့်အ၀င်မှာ တစ်ဖွဲ့ရှိတယ်။ မိုးကောင်းကနေ ဖားကန့်ကြားမှာ KIA ကို ပေးရတာတင် (၂)သိန်းကျော် ပေးခဲ့ရတယ်။ ကျွန်တော်တို့ကားမှာက အသက်ကြီးတဲ့သူတွေပဲမလို့ လူတော့ မဖမ်းလိုက်ဘူး၊ ဆပရာ ငယ်ငယ်တွေဆိုဖမ်းတယ်။ ငယ်တဲ့ကောင်တွေဆို ခေါ်လို့တောင် မရတော့ဘူး``
ဟု အဆိုပါ ယာဉ်မောင်းက ဆက်ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ စက်တင်ဘာလနဲ့ အောက်တိုဘာလဆန်းပိုင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပါတယ်။ ယခုအခါ တိုက်ပွဲများပြီး ဆုံးသော် လည်း ဈေး ကတော့ ပြန်မကျဘဲ ရှိနေကြောင်း သိရပါတယ်။

``ကျွန်တော်တို့က ဈေးတင်ချင်လို့ တက်တာမဟုတ်ပါဘူး။ လမ်းမှာပေးရတာတွေက များတော့ ဒီလိုဈေး တင်ပြီး မရောင်းရင် ရှုံးဖို့ပဲရှိတယ်။ အဓိက ကတော့ KIA ပါပဲ။ စားသောက်ကုန်ဈေးတွေ တက်နေ တာက လမ်းမှာ KIA က ပိုက်ဆံတောင်းလို့ ဖြစ်တာပါ။ ဒါ့အပြင် အခုဆို ကျွန်တော် ဖားကန့်မှာ တိုက်ပွဲတွေ မဖြစ်တော့ ဘူး။ အရင်က တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာလည်း KIA က သူ့ဟာသူနေတဲ့ စစ်တပ်တွေ ကို သွားသွားတိုက်နေတာ။ ဒါကြောင့် ဖြစ်တာ၊ ခုတော့ KIA သွားမတိုက်တော့ တိုက်ပွဲတွေ မဖြစ်တော့ ဘူး´´ ဟု ဖားကန့်မှ ဆန်လက်လီ/လက္ကား ရောင်းချသူတစ်ဦးက ဆိုပါတယ်။

ထိုသို့ စစ်ဆေးကောက်ခံခြင်း များနှင့် ပတ်သက်၍ အောက်တိုဘာလ(၂၅) ရက်နေ့က တပ်မဟာ (၂) ဌာနချုပ်ဟောင်း တွင်ကျင်းပသည့် KIO နှစ်ပတ်လည်နေ့တွင် KIA တပ်ရင်း (၆) တပ်ရင်းမှူးမှ ဖားကန့်-မိုးကောင်းလမ်း တွင် စစ်ဆေးကောက်ခံ မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကချင်နေ့စဉ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

KIA မှ ဖားကန့် - မိုးကောင်း လမ်းအား တားဆီး၍ ဆက်ကြေးငွေ တောင်းခံ နေ

Labels:

0 comments: