Pages

Thursday, December 13, 2012

“““ အရှင် ဘုရားတို့ ဒီလိုမျိုး တောင်းဆိုသင့်ပါသလား ”””

ဒီကနေ့ မီဒီယာမှာ တက်လာတဲ့ သတင်းတွေထဲက စိတ်ထဲမှာ သိပ်ပြီး ဘ၀င်မကျနိုင်တဲ့ သတင်းတစ်ပုဒ် ကတော့ မန္တလေးသံဃာတော်များရဲ့ ထိုင်သပိတ်သတင်းပဲ ဖြစ်ပါတယ်။ ထိုင်သပိတ်နဲ့ အတူ တောင်းဆို ချက် (၅) ချက်ကိုလည်း တောင်းဆိုကြတယ် လို့ သိရပါတယ်။

သံဃာတော်များတောင်းဆိုတဲ့ တောင်းဆိုချက်တွေကတော့-

၁။ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့တို့မှ ထိခိုက်ဒဏ်ရာရ သံဃာတော်များကို အမြန်ဆုံး ၀န်ချ တောင်း ပန် ရန်။

၂။ အကြမ်းဘက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာအရေးယူပေးရန်။

၃။ ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။

၎။ ကြေးနီစံမံကိန်းကို ဒေသခံများနှင့် ပြည်သူများကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရန်။

၅။ နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရအဖွဲ့များ တွင် တပ်မတော်သားများ အမြန်ဆုံး နှုတ်ထွက်ပေးရန် ဆိုတာတွေပါပဲ။

ဒီတောင်းဆိုချက်တွေဟာလက်ပံတောင်းတောင်းအရေးမှာသံဃာတော်တွေမီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ကြတာကို အကြောင်းပြုပြီး ဖြစ်လာတာတွေပါ။ ကိုယ်ကိုယ်တိုင်လဲ မီးလောင်ဒဏ်ရာတွေနဲ့ သံဃာတော်တွေရဲ့ ပုံတွေကို တွေ့ရတဲ့အခါမှာ တော်တော်ကို စိတ်ထိခိုက်ခဲ့ရပါတယ်။

မလိုလားအပ်တဲ့ အဖြစ်အပျက်တွေကတော့ ဖြစ်ခဲ့ပြီးပါပြီ။ ဒါတွေကို အကြောင်းပြုပြီး အစိုးရကို တောင်းဆို တိုက်ပွဲဝင်ကြတဲ့နေရာမှာတော့ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်နဲ့ တောင်းဆိုတိုက်ပွဲ ၀င်ကြဖို့ လိုမယ် ထင်ပါ တယ်။ အထူးသဖြင့် တောင်းဆိုသူတွေဟာ ရဟန်းသံဃာတော်တွေ ဖြစ်တဲ့အတွက် မြတ်ဗုဒ္ဓရဲ့ အဆုံးအ မတွေ နဲ့ သွေဖီမသွားရအောင် အထူးတလည် ဂရုပြုဖို့ လိုပါမယ်။

သံဃာတော်တွေ တောင်းဆိုထားတဲ့အချက်ငါးချက်ထဲက ပထမအချက်ကို ကြည့်ရင် ယခုအချိန်မှာ ဒီကိစ္စ အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဒီလို အချိန်မျိုးမှာ ယေဘုယျ ဆန်ဆန် ကောက်ချက်ဆွဲပြီး အစိုးရတစ်ဖွဲ့လုံးကို ၀န်ချတောင်းပန်ခိုင်းနေတာ ကတော့ မဖြစ်သင့်ဘူး လို့ ထင်ပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိတယ်၊ ဘယ်လို လက်နက်မျိုးကို သုံးခဲ့တယ်၊ ဘာကြောင့် ခုလော က် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရခဲ့တယ် ဆိုတာကို သဲသဲကွဲကွဲ သိရအောင် အရင် မလုပ် သင့်ပေ ဘူးလား။

တကယ်တော့ ၀န်ချတောင်းပန်တယ်ဆိုတာကလဲ ပြစ်မှားမိသူ ကိုယ်တိုင်က လိုလိုလားလားနဲ့ တောင်းပန် တာမျိုးပဲ ဖြစ်သင့်တာပါ။ မတောင်းပန်ရင် ဘယ်လို လုပ်လိုက်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ အတင်း အကြပ် တောင်းပန်းခိုင်းတာမျိုးကို ဘုရားအစရှိတဲ့ သူတော်ကောင်းအရှင်မြတ်တွေ လုပ်ခဲ့တယ် လို့ မကြားမိဖူးပါဘူး။

ဒုတိယတောင်းဆိုချက်ဖြစ်တဲ့ “အကြမ်းဘက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာ အရေး ယူပေးရန်” ဆိုတာကတော့ ရဟန်းတွေအနေနဲ့ ဒီလို တောင်းဆိုချက်မျိုး တောင်းဆိုသင့်/ မသင့် ၀ိနည်းတ ရားတော်ကို ပြန်လည်လေ့လာကြဖို့ လိုပါလိမ့်မယ်။ အခု ရဟန်းသံဃာတွေ တောင်းဆိုတဲ့အတိုင်း အစိုးရ က တာဝန်ရှိသူကို သေဒဏ်ပေးတယ် ဆိုပါစို့၊ ဒီလို ဖြစ်လာအောင် တောင်းဆိုတဲ့ ရဟန်းတွေမှာ ၀ိနည်းပြစ် မရှိပေဘူးလား။ “အရေးယူပေးပါ” ဆိုတဲ့ စကားမျိုးက ရဟန်းတစ်ပါးအတွက် အလွန်အန္တရာယ်များတဲ့ စကားဖြစ်တယ် ဆိုတာကို သတိပြုစေလိုပါတယ်။ “အရေးယူပေးရန်” ဆိုတာလောက်နဲ့တင် အားမရလို့ “ထိရောက်စွာ” ဆိုတာပါ ထည့်လိုက်တော့ ပိုပြီး ဆိုးမသွားပေဘူးလား။

တတိယတောင်းဆိုချက်ဖြစ်တဲ့ “ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန် လွှတ်ပေးရန်” ဆိုတာနဲ့ ပတ်သက်လို့ အစိုးရဖက်က ဖမ်းဆီးထားသူ မရှိပါဘူး လို့ ငြင်းဆိုသလို ဒေါ်အောင် ဆန်း စု ကြည် ကိုယ်တိုင်ကလဲ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရသူတွေ ရှိရင် သူ့ကို အကြောင်း ကြား ဖို့ အခင်းဖြစ်ပြီး နောက်မှာ ပြောဆိုခဲ့တာကို မီဒီယာမှာ ဖတ်ရပါတယ်။ ဒီလိုဆိုတော့ တကယ်တန်း ဖမ်းဆီးခံထားရသူတွေ ရှိတယ်ဆိုရင်လဲ ဖြေရှင်းလို့ လွယ်မယ်လို့ ထင်ပါတယ်။

စတုတ္ထတောင်းဆို ချက်ဖြစ်တဲ့ .......

“ကြေးနီစံမံကိန်းကို ဒေသခံများနှင့် ပြည်သူများကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရန်” ဆိုတာကတော့ အခုအခါမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေတဲ့ စုံးစမ်းရေးကော် မရှင်က စတင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း အစိုးရအဖွဲ့က အကောင် အထည်ေ ဖာ် ဆောင်ရွက်ပေးတာရှိ မရှိ ကိုသာ စောင့်ကြည့် ရမှာပါ။ ကော်မရှင်ရဲ့ အကြံပြုချက်ထွက်လာပြီးနောက် အစိုးရက ဆောင်ရွက်မပေးမှ သာ တောင်းဆိုသင့် ပါတယ်။

ပဉ္စမတောင်းဆိုချက်ဖြစ်တဲ့ ...

“နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရအဖွဲ့ များ တွင် တပ်မတော်သားများ အမြန်ဆုံး နှုတ်ထွက်ပေးရန်” ဆိုတာကတော့ ယနေ့ကာလ အခြေအနေအရ အတော်ပြင်းထန်သော တောင်းဆိုချက် ဖြစ်မယ် ထင်ပါတယ်။ ပြည်သူပြည်သားအားလုံးရဲ့ အန္တိမရည် မှန်းချက် ကလည်း အဲဒီတောင်းဆိုချက်အတိုင်း တစ်ချိန်ချိန်မှာ ဖြစ်လာဖို့ပဲ ဖြစ်မယ် ထင်ပါတယ်။ ဒါပေ မဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစုတွေအားလုံးက အခုလို တိုက်ရိုက် တောင်း ဆိုတာမျိုးကို ယခုအချိန်မှာ လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။

ဘာကြောင့်မတောင်းဆိုတာလဲဆိုတာကတော့ နိုင်ငံရေးအမြင်ရှိသူ အားလုံး သဘောပေါက် ထားပြီး ဖြစ်ပါ တယ်။ အခုလို သံဃာတော်တွေက ရဲရဲဝံ့ဝံ့ တောင်းဆိုပြလိုက်တာ တစ်ဘက်ကတော့ ကောင်းပါတယ်။ အခြားတစ်ဖက်က စဉ်းစားရမှာက တပ်မတော်သားတွေက သူတို့ကို လွှတ်တော်ထဲကရော အစိုးရအဖွဲ့ ထဲကရော ထွက်ပေးရမယ်လို့ တောင်းဆိုတာကို မကျေနပ်လို့ အာဏာသိမ်းတယ်၊ အစိုးရအဖွဲ့ကိုလဲ ဖျက် တယ် လွှတ်တော်ကိုလဲ ဖျက်တယ် လို့ လုပ်လာရင် တောင်းဆိုတဲ့ ရဟန်းသံဃာတွေ ဘယ်လိုလုပ်ကြမယ် ဆိုတာကိုတော့ ကြိုတင်စဉ်းစားထားဖို့တော့ လိုမယ် ထင်ပါတယ်။

တောင်းဆိုချက်ငါးချက်ကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင် ပထမတောင်းဆိုချက်က လက်တွေ့မကျဘူး၊ လက်တွေ့ ဖြစ်နိုင်ဖို့လည်း အလားအလား အတော်နည်းပါတယ်။ ဒုတိယတောင်းဆိုချက် က ၀ိ နည်းေ ကြာင်း အရ ငြိစွန်းနိုင်ပါတယ်။ တတိယတောင်းဆိုချက်ကတော့ ရှင်းလို့ ရနိုင်တဲ့ တောင်းဆို ချက်ပါ။ စတု တ္ထတောင်းဆိုချက်ကတော့ လုပ်ဆောင်နေဆဲကာလမို့ အခုအချိန်မှာ မတောင်းဆို သင့်သေး တဲ့ တောင်း ဆိုချက်ပါ။ နောက်ဆုံး ပဉ္စမဖြစ်တဲ့ တောင်းဆိုချက်ကတော့ နိုင်ငံရေးသမားတွေ လုပ်ဖို့အ တွက် တောင်း ဆိုဖို့အတွက် ထားပေးရမယ့် တောင်းဆိုချက်မျိုးသာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အခု မန္တလေးမြို့က ထိုင်သိပိတ် သံဃာတော်တွေ တောင်းဆိုကြတဲ့ အချက်ငါးချက် ကို လော ကကြောင်း ဓမ္မကြောင်း ကျွမ်းကျင်ပိုင်နိုင်ကြတဲ့ ဆရာတော်သံဃာတော်များက ဒီလို တောင်းသင့်/ မတောင်း သင့် ပြန်လည်သုံးသပ်ကြဖို့ မေတ္တာရပ်ခံ လျှောက်ထားချင်ပါတယ်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: