၁။ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိကသတင်းစာတွေ
ထုတ်ဝေခွင့်ပြုသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန် ကြေညာခဲ့တာ တွေ့ရပါတယ်။
နေ့စဉ်သတင်းစာ ထုတ်ဝေလိုသူတွေအနေနဲ့ ထုတ်ဝေခွင့် လျှောက်လွှာတင်တဲ့အခါမှာ
လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတယ်။
ခွင့်မပြုခင်ကတော့ နေ့စဉ်သတင်းစာတွေဟာ ဘယ်လောက်အထိ ပရိသတ်အတွက်
အကျိုးရှိတယ်၊ ထိရောက်တယ်၊ လိုအပ်တယ်လို့ မြန်မာ့မီဒီယာကြီးများ
တွင်တွင်ကြီး အော်ခဲ့ကြပါတယ်။ အခု ခွင့်ပြုလိုက်တဲ့အချိန်မှာ ဘယ်သူက
ဘယ်လောက်အဆင့်ရှိရှိ ထုတ်ဝေနိုင်မယ်၊ ရပ်တည်နိုင်မယ်ဆိုတာ
စောင့်ကြည့်ကြရမှာပါ၊ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ရှိဖို့လိုအပ်တယ်ဆိုတာကို
ကျွန်တော်လက်ခံပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေ၊
အချိန်အခါအရ လတ်တလောမှာ အဲဒီသတင်းစာတွေ အဆင်ပြေနိုင်၊ မပြေနိုင်ဆိုတဲ့
ကိစ္စရပ်ဟာ အတော်ကြီးကို ရှုပ်ထွေးလွန်းပါတယ်။ ဘယ်လိုရပ်တည်ကြမလဲဆိုတာ
စောင့်ကြည့်ရမှာပါ။ ကျွန်တော့်အမြင်တော့ အများစုဟာ ရန်ကုန်အခြေပြုနဲ့
မန္တလေးအခြေပြု ဒီလောက်ပဲ လုပ်နိုင်ကြလိမ့်မယ် ထင်ပါတယ်။ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ ထုတ်ဝေနိုင်မယ့် သတင်းစာကိုတော့ လတ်တလော မမြင်မိသေးပါ။
ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ သတင်းစာတွေရဲ့ ဈေးနှုန်းဟာ ဘယ်လောက်ဖြစ်မလဲ
ဆိုတာကြောင့်ပါ။ လက်ရှိ အစိုးရက အရှုံးခံပြီး ထုတ်ဝေနေတဲ့
သတင်းစာတွေသည်ပင်လျှင် တစ်နိုင်ငံလုံး ပျံနှံ့အောင် ဘယ်လောက်အထိ
ကြိုးစားရတယ်ဆိုတာ အားလုံးအသိပါ။ လက်ရှိ ကျွန်တော်စိတ်ဝင်စားတာက -
- စာမျက်နှာဘယ်လောက်နဲ့ သတင်းစာထုတ်မလဲ။ (ကျွန်တော်ကတော့ စာမျက်နှာ ၆ မျက်နှာ၊ သို့မဟုတ် ၈ မျက်နှာလောက်ပဲ ထုတ်သင့်တယ်လို့ ယူဆပါတယ်)
- စာရွက်ကို ဘယ်လိုအမျိုးအစားသုံးမှာလဲ။ (စာရွက်ကောင်းတွေဆိုရင် စာဖတ်သူတွေအတွက် ဈေးနှုန်းတွေ မတန်တဆ ပေးရမှာသေချာပါတယ်။ ဘယ်လိုမှ နေ့စဉ်ဝယ်ဖတ်လို့ အဆင်ပြေမှာ မဟုတ်ဘူး။ မြန်မာတိုင်းမ်က လက်ရှိသုံးနေတဲ့ စာရွက်အမျိုးအစားဆိုရင်၊ သို့မဟုတ် သုံးပြီးသား စက္ကူတွေကို ပြည်တွင်းမှာ ပြန်လည်ထုတ်လုပ်ထားတဲ့ စာရွက်သားဆိုရင်ရော)
- ဒေသတစ်ခုတည်းကိုပဲဖြန့်မှာလား၊ ဒေသတွေရွေးပြီးဖြန့်မှာလား။ (ကျွန်တော်ကတော့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စသည်ထက်စာရင် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စတဲ့အပိုင်းလိုက် လုပ်သင့်တယ်လို့ ထင်ပါတယ်)
- ဘယ်ဘာသာစကားနဲ့ ထုတ်ဝေမှာလဲ (အခုချက်ချင်းတော့ မသိပေမယ့် နောက်ဆိုရင်တော့ ကချင်နေ့စဉ်တို့၊ ချင်းနေ့စဉ်တို့၊ ရခိုင်နေ့စဉ်၊ ရှမ်းနေ့စဉ် စတဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ထုတ်ဝေတဲ့ သတင်းစာတွေ ထွက်လာမယ်လို့ ယုံကြည်နေပါတယ်။ ဒါကလည်း နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေပေါ်မှာ မှီတည်နေတာပါ)
ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေ ထုတ်တော့မယ်ဆိုတော့ အဲဒီအတွက်
လူ့စွမ်းအားအရင်းအမြစ်တွေ လိုအပ်လာပြီပေါ့။ တစ်ဖက်ကလည်း အလုပ်အကိုင်
အခွင့်အလမ်းအသစ်တွေ အများကြီး ရလာတော့မှာပါ။ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊
ဖြန့်ချိရေးတွေ၊ ကြော်ငြာတွေ၊ အင်း... တွေးကြည့်တာတော့ အတော်ကြီးကို
ပျော်စရာကောင်းသလို စိတ်ညစ်စရာလည်း ကောင်းပါရဲ့ဗျာ။ လူငယ်သတင်းစာသမား
အသစ်လေးတွေ ထွက်ပေါ်လာပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။ အစိုးရရဲ့
ဆုံးဖြတ်ချက်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါတယ်ဗျာ။
၂။ SkyNet ကျေးဇူးကြောင့် NLD ကလုပ်တဲ့ ပညာရေးကွန်ရက်
ရန်ပုံငွေဖျော်ဖြေပွဲကို ထိုင်ရာမထဘဲ အိမ်မှာတင် တိုက်ရိုက်ကြည့်ရှုခွင့်
ရခဲ့တယ်။ အဲဒီအတွက် SkyNet ကို ကျေးဇူးတင်ကြောင်းပါ။ ပြောစရာတွေ
အများကြီးဆိုပေမယ့် ပညာရေးရန်ပုံငွေပွဲလား၊ လူပုဂ္ဂိုလ်သိဒ္ဓိတင်ပွဲလား
ဆိုတာကိုတော့ သိပ်ပြီးတော့ မသဲကွဲဘူး။ ရန်ပုံငွေ ဖျော်ဖြေရေးနဲ့မတူဘဲ
နိုင်ငံရေးစင်မြင့်လို့ ဖြစ်သွားခဲ့တာကိုတော့ စိတ်မကောင်းဘူး။
ပြုပြင်ပြောင်းလဲရေးသမားတွေပါလို့ တဖွဖွပြောနေတဲ့ ဒီလူတွေကိုယ်တိုင်က ဒီလို
သောက်ကျင့်တွေနဲ့ဆိုရင် ကျွန်တော်တို့မှာ အားကိုးစရာ သိပ်မရှိလှဘူး။
လူတိုင်းဟာ ခေတ်ရေစီးထဲမှာ အလိုက်သင့် စီးမြောရတာကို လက်ခံပါတယ်။
နားလည်ပါတယ်။ သို့သော်... သို့သော်.... ကိုယ်သွားချင်တဲ့ နေရာဟာ ဆန်တက်မှ
ရောက်မယ်ဆိုရင်လည်း ဆန်တက်ကူးခတ်ဖို့ ၀န်မလေးသင့်ဘူးလို့ ကျွန်တော်မြင်တယ်။
ကျွန်တော့်မျက်စိထဲမှာ စပါးမွှေးတင်မဟုတ်ဘဲ၊ တံမြက်စည်းပါ ဆူးခဲ့တာကတော့
ဟစ်ဟော့အဖွဲ့တွေပဲ။ ၂ ဖွဲ့ ၃ ဖွဲ့ကလွဲရင် ကျန်တဲ့လူတွေအားလုံးက
စင်ပေါ်တက်ပြီး ပရိသတ်ကို စော်ကားသွားတာလို့ပဲ မြင်မိတယ်။ လူတိုင်း
တစ်ပုဒ်စီပဲ သီဆိုခွင့်ရချိန်မှာ ဇေယျာသော်တို့၊ အနဂ္ဂတို့က အခွင့်ထူးခံ ၂
ပုဒ်ဆိုသွားတာကိုတော့ ကျွန်တော့်အမြင် ဘယ်လိုရှိမလဲဆိုတာ စာဖတ်သူ
သိနိုင်မယ်ထင်ပါရဲ့။
၃။ အန်တီစုရဲ့ အင်္ကျီတွေ ဈေးကောင်းရသွားတာကိုလည်း ၀မ်းသာပေးပါတယ်။
ပညာရေးကွန်ရက် ရန်ပုံငွေအတွက် အများကြီးရသွားတာမို့ သာဓုလည်း ခေါ်ပါတယ်။
သို့သော် ဒုတိယနေ့ကို ကြည့်ပြီးတဲ့အခါ နောက်ဆက်တွဲ ဘာတွေးမိသလဲဆိုတော့...။
အန်တီစုရဲ့ အင်္ဂလန်ကနေ ရောက်လာတဲ့ အင်္ကျီကို သိန်းပေါင်း ၆၃၀ နဲ့
လေလံရသွားတယ်။ ဟုတ်ပြီ... ဒါက အန်တီစုရဲ့ အမှတ်တရပစ္စည်းမို့ သူ့အပေါ် ခရေဇီ
ဖြစ်တဲ့လူက ၀ယ်သွားတာပဲဖြစ်ပါမယ်။ ပညာရေးရန်ပုံငွေကို ထည့်ချင်ရင်တော့
ဒီအတိုင်းထည့်လည်း ရနေတာပဲမဟုတ်လား။ (အဲဒါကို အလုပ်လုပ်ပြီး
မငြင်းချင်ပါဘူး) အခု အင်္ဂလန်ကရောက်လာတဲ့ အန်တီစု ၀တ်ခဲ့ဖူးတဲ့ ဆွယ်တာ။
နောက်ဆိုရင် အင်္ဂလန်တို့ အမေရိကန်တို့က ရောက်လာမယ့် အန်တီစုရဲ့ ဧည့်သည်တွေ၊
သူတို့ကိုလည်း တန်ဖိုးထားကြရဦးမယ်။ ဟော.. ဘယ်နိုင်ငံ၊ ဘယ်နိုင်ငံက
ရောက်လာမယ့် အန်တီစုရဲ့ နိုင်ငံခြားသွေးနှောတဲ့ သားတွေ၊ သူတို့ကိုလည်း
တန်ဖိုးထားရဦးမယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် အန်တီစုနဲ့ပတ်သက်ပြီး
မြန်မာပြည်ကို နိုင်ငံခြားတပ်ဖွဲ့တွေတောင် ရောက်လာမလား မသိပါဘူး။
အန်တီစုနဲ့ ပတ်သက်သမျှက နိုင်ငံခြားကချည်းပဲ ဖြစ်နေတာကတော့ တစ်မျိုးများ
ဖြစ်နေသလားလို့ စဉ်းစားမိပါတယ်။ စာဖတ်သူတွေရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
(ကမ္ဘာသိဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်မယ့် လူများကိုတော့ ကျွန်တော်ကိုဉာဏ်က
ဆောရီးပါလို့ ကြိုပြောထားပါရစေ။)
၎။ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဝင်တွေကို ဒီဇင်ဘာလ ၂၆ ရက်နေ့က
ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်မှုအစုံ တွေ့ရပါတယ်။
အများစုကတော့ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ဆန္ဒကို အလေးဂရုပြု
ချီးကျူးပြောဆိုကြပါတယ်။ ကျွန်တော့်ကတော့ အဲဒီလို မိန့်ခွန်းတွေ
နားထောင်ရတိုင်း သမ္မတကြီးကို သနားမိတော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့
မီးများမီးနိုင်၊ ရေများရေနိုင် ဆိုတဲ့အတိုင်း အစိုးရအဖွဲ့အစည်းတွေ
အတွင်းမှာက ပြုပြင်ပြောင်းလဲလိုသူ (အမှန်တကယ်)ဟာ အင်မတန်မှကို
နည်းပါးနေသေးတာကို တွေ့ရပါတယ်။ အဲဒီလိုပြောတဲ့အတွက် ပြုပြင်ပြောင်းလဲမှုမှာ
လိုက်ပါလုပ်ဆောင်နိုင်ခြင်း မရှိသူတွေကို ဒါပဲ၊ ဟိုဟာပဲဆိုပြီး
အတင်းအဓမ္မကြီးလည်း အပြစ်မတင်ရက်ပါဘူး။ အချို့အချို့တွေရဲ့ ဘ၀တွေဟာ
ပြုပြင်ပြောင်းလဲရေးမှာ လုံးဝကို လိုက်ပါလို့မရအောင် အဆင်မပြေမှုတွေ
ရှိနေပါတယ်။ အဲဒီလို ပြောတဲ့အတွက်လည်း သူတို့ကို အားပေးတယ်လို့
မထင်စေလိုပါ။ တကယ့်အဖြစ်မှန်ကို နားလည်အောင် ကြိုးစားကြစေလိုခြင်း
ဖြစ်ပါတယ်။ ကျွန်တော့်စိတ်ထဲ ရှိတဲ့အတိုင်း ပြောရမယ်ဆိုရင်
ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားကို လူကြီးပိုင်းက အပြောဆုံးပဲ။ ၀န်ကြီးတွေ၊
ဒုဝန်ကြီးတွေ၊ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေက လက်အောက်က ၀န်ထမ်းတွေကို
ပြုပြင်ပြောင်းလဲပါတို့၊ လိုက်ပါလုပ်ဆောင်ပါတို့ သြ၀ါဒ အခါခါပေးတတ်တယ်။
အဲဒီလိုမျိုးတွေမြင်တိုင်း ကျွန်တော်သိပ်ရယ်ချင်တာပဲ။ စိတ်ရှိတိုင်းသ
လုပ်လို့ရရင် အဲဒီလိုပြောတဲ့ အခမ်းအနားတွေတိုင်း ပြောတဲ့လူတွေရဲ့ရှေ့မှာ
ကိုယ်လုံးပေါ်မှန်တွေ သွားထောင်ပေးထားချင်တယ်။ အဲဒါမှ သူတို့
တကယ်ပြောရမယ့်လူကို သူတို့မြင်မှာ။ အောက်ခြေ၀န်ထမ်းတွေ အကျင့်ပျက်ခြစားတာ၊
လဘက်ရည်ဖိုးတောင်းတာဟာ တစ်လလုံးပေါင်းရင်တောင် စောစောကပြောတဲ့ လူကြီးတွေရဲ့
ဒင်နာတစ်ခုဖိုးစာ မရှိပါဘူး။ အခုအချိန်အထိ ဘယ်ဝန်ကြီး၊ ဘယ်ညွှန်ချုပ်ကမှ
ကျွန်တော်ဟာ အခုလက်ရှိ ထမ်းဆောင်နေတဲ့ တာဝန်ရာထူးမှာ အကျင့်ပျက်ခြစားတာ၊
အဂတိလိုက်စားတာ လုံးဝ (လုံးဝ) မရှိပါဘူး၊ တကယ်လို့များ ရှိခဲ့မယ်ဆိုရင်၊
သိခဲ့မယ်ဆိုရင် ကျွန်တော့်ကို တရားဥပဒေအရ အရေးယူပါ၊ အပြစ်ပေးပါ
ဆိုတဲ့လူကြီး ဘယ်သူများရှိသလဲဗျာ။ သူများကို လက်ညှိုးထိုးတဲ့ကိုဉာဏ်
အပြောကြီးသမို့ နှာခေါင်းရှုံ့ချင်ရင်လည်း ရှုံ့ကြစေဗျား။ ကျွန်တော်လက်ရှိ
ထမ်းဆောင်နေတဲ့ အလုပ်တာဝန်မှာ လုပ်သက် ၁၁ နှစ်ကျော်သွားခဲ့ပါပြီ။
ကျွန်တော့်လုပ်သက် တစ်လျှောက်လုံးမှာ ကျွန်တော်ရရှိခဲ့တဲ့၊
တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာ၊ ဌာန၊ ရာထူးကို အသုံးချပြီး တစ်ခါမျှ မရသင့်တဲ့
အခွင့်အရေးကို မယူခဲ့ဖူးပါဘူး။ တောင်းလည်း မတောင်းခဲ့ဖူးပါဘူး။ နေရာအတွက်၊
ရာထူးအတွက် ဘယ်သူ့ကိုမှလည်း မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့
ကျွန်တော်မလုပ်ဆောင်ခဲ့ဖူးပါဘူး။ ဘယ်သူ့ကိုမှလည်း အပြိုင်အဆိုင်
နေရာတစ်ခုအတွက် နောက်ကျောကို ဓားနဲ့ထိုးတာ၊ ခြေထိုးခံတာမျိုး
မလုပ်ခဲ့ဖူးပါဘူး။ ဆင်လည်း ဆင့်အထွာဆိုသလို၊ ပုရွက်ဆိတ်လည်း
ပုရွက်ဆိတ်အထွာပေါ့ခင်ဗျာ။ အဲ... ရသင့်ရထိုက်ပါလျက်နဲ့ မရတဲ့
အခွင့်အရေးမျိုးဆိုရင်လည်း တောင်းဆိုဖို့ ကျွန်တော်ဘယ်တော့မှ ၀န်လေးမှာ
မဟုတ်ပါဘူး။ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့
ပညာ၊ သမ္ဘာ၊ အတွေ့အကြုံ အရာမှာ ကျွန်တော်ယှဉ်နိုင်ချင်မှ
ယှဉ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကျင့်တရားနဲ့ ပတ်သက်ရင်၊ အလုပ်အပေါ်
လေးစားတန်ဖိုးထားမှုနဲ့ ပတ်သက်ရင်တော့ လက်မထောင်၊ ရင်ကော့ပြီး
ယှဉ်ဝံ့ပါသဗျာ။
၅။ ရန်ကုန်မှာ လုပ်ကတည်းက စိတ်ထဲမှာ ဆူးနေခဲ့တဲ့ အကယ်ဒမီ ဆုပေးပွဲကို
တိုက်ရိုက်ကြည့်ရှုခွင့် ရတဲ့အချိန်မှာ ပိုလို့တောင် စိတ်တိုမိသေးတယ်။
နယ်ကလူတွေကပဲ ရုပ်ရှင်ချစ်ပရိသတ်တွေ မဟုတ်တဲ့အတိုင်း ကြေညာတာတွေ
နားထောင်ရတော့ ကျွန်တော်သာ Celebrity တစ်ယောက်ဆိုရင် ရုပ်ရှင်ဇာတ်ကားတွေကို
မကြည့်ဖို့ နယ်ကလူတွေကို လိုက်ပြီးစည်းရုံးတယ်။ နေပြည်တော်၊ ပျဉ်းမနား၊
လယ်ဝေးက ပရိသတ်တွေဟာ အကယ်ဒမီဆုပေးပွဲအတွက် ဘယ်လောက်မျှော်လင့်ကြတယ်ဆိုတာ
ရုပ်ရှင်လောကသားတွေ သိပါလေစ။ သူတို့တွေ သွားရလာရခက်တာ၊
ညအိပ်ခရီးသွားရတဲ့အတွက် ရိုက်ရက်တစ်ရက်လျော့တာ အဲဒါတွေအတွက် အဆင်ပြေတဲ့
ရန်ကုန်မှာလုပ်တာကတော့ နည်းနည်းလည်း စဉ်းစားကြပါဦးဗျာ။ နေပြည်တော်မှာ
ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် လုပ်နိုင်ပါလျက်နဲ့
ရန်ကုန်မှာ သွားလုပ်တာကတော့ အင်း..... ဒေါ်ဂျမ်းဘုံလေသံနဲ့ ပြောရမယ်ဆိုရင်
"ပြောကို မပြောချင်တော့ပါဘူး" ဆိုသလိုပါပဲ။ အကယ်ဒမီဆုတွေ ပေးတာကို
ကြည့်ပြီးတဲ့အချိန်မှာ ဘာလဲဟ ရုပ်ရှင်အစည်းအရုံးလို့တောင် တွေးမိတယ်။
ငါတို့လုပ်ချင်ရာ လုပ်လို့ရပြီ၊ လုပ်ချင်ရာ လုပ်တယ်ကွာ ဆိုရင်တော့ဖြင့်လည်း
ဟုတ်ကဲ့.... ကျွန်တော်ကိုဉာဏ် နှာစေးနေလိုက်ပါတယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စတင်ရေးသား၍
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အပြီးသတ်တင်ပေးနိုင်သည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။