Pages

Wednesday, January 16, 2013

တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေး ဆီသို့

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ တော်၏ အမိ မြေပေါ်တွင် တိုင်းရင်းသား လူမျိုး ပေါင်းစုံ တို့သည် အေးအတူ ပူအမျှ စည်းကမ်း ကျင့်ဝတ် တို့ကို လိုက်နာ စောင့်ထိန်းလျက် စည်းလုံး ညီညွတ်စွာ အတူတကွ ယှဉ်တွဲ နေထိုင် ခဲ့ကြ၏။
 
တစ်မြေ တည်းနေ၊ တစ်ရေတည်း သောက်ခဲ့ ကြသော ညီရင်း နောင်ဖွား တိုင်းရင်းသား များသည် တစ်ဦးနှင့် တစ်ဦး နှစ်ကာလ ရှည်ကြာစွာ အတူတကွ နေထိုင် လာခဲ့ကြ ရာမှ မြန်မာ့ နယ်နိမိတ် အတွင်း ရေကြည်ရာ မြက်နုရာ ဒေသ များသို့ လွတ်လပ်စွာ သွားလာ နေထိုင်ခဲ့ ကြ၏။ နေထိုင်ရာ ရေမြေ သဘာဝ အရ အနေအထိုင်၊ ဓလေ့စရိုက်၊ ဘာသာစကား စသည့် ခြားနားမှု များရှိ သော်လည်း မိမိတို့သည် တစ်သွေးတည်း တစ်သားတည်း ဟုပင် ခံယူ ခဲ့ကြ၏။
''ရန်အပေါင်းကို တစ်ယောက်တည်း သောအားဖြင့် မအောင်နိုင်။ အများ စုပေါင်းအားဖြင့် အောင်နိုင် ၏။ မြက်တစ်ပင် တည်းဖြင့် ခိုင်ခံ့သော ကြိုးဖြစ် မလာနိုင်။ မြက်ပင်ပေါင်း များစွာ ကျစ်အပ်သော ကြိုးသည် ခွန်အား ကြီးသော ဆင်ကိုပင် ချည်နှောင် နိုင်၏''ဟု လောကနီတိ ကျမ်း၌ ဆို၏။ အကယ်စင်စစ် ပြည်ထောင် စု စိတ်ဓာတ် ဆိုသည်မှာ နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မြေ တည်းနေ၊ တစ်ရေတည်း သောက်၊ တစ်အူ ထုံ့ဆင်း၊ တိုင်းရင်းသား လူမျိုး အချင်းချင်း မရှိအတူ၊ ရှိအတူ၊ အေးအတူ ပူအမျှ ချစ်ခင် ရင်းနှီးစွာ ပူးပေါင်း နေထိုင် လိုသည့် တစည်း တလုံး တည်းသော မျိုးချစ် စိတ်ဓာတ်ပင် ဖြစ်၏။
နိုင်ငံတော်သည် နယ်ချဲ့ လက်အောက် သူ့ကျွန်ဖြစ်ခဲ့ ရဖူး၏။ သူ့ကျွန် ဘဝမှ တိုင်းရင်းသား တို့၏ ပြည်ထောင် စု စိတ်ဓာတ်ဖြင့် ကြိုးပမ်း ခဲ့ခြင်းကြောင့် လွတ်လပ်ရေးကြီး ရရှိခဲ့ခြင်း ဖြစ်၏။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုး ကြောင့် နိုင်ငံရေး အရ ငြင်းခုံကြ ရာမှ ပဋိပက္ခ များ ဖြစ်ခဲ့ကြသည်မှာ ရာစု နှစ်ဝက်ကျော် အထိ ကြာခဲ့၏။
နိုင်ငံတော် အစိုးရ သစ်သည် ပြည်ထောင်စုကြီး အတွင်း မှီတင်း နေထိုင်ကြသော ပြည်သူ များ၏ လူမှုဘဝ ဖွံ့ဖြိုးစေရေး အတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက် ပေးပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ကဏ္ဍများ အဘက် ဘက်မှ လိုက်ပါဖွံ့ဖြိုး လာအောင် ဆောင်ရွက် ပေးလျက်ရှိ၏။ ယနေ့အချိန် အခါတွင် နိုင်ငံတော် အစိုးရသစ် အနေဖြင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ ချရေး ကို အကောင်အ ထည် ဖော်ဆောင် ရွက် လျက်ရှိရာ တိုင်းရင်းသား တို့၏ လူမှုဘဝ အဆင့် အတန်း များလည်း တိုးတက်မြင့်မား လာတော့မည်မှာ ဧကန် မုချဖြစ်၏။
စည်းလုံးခြင်းသည် ခွန်အား၊ ညီညွတ်ခြင်းသည် အင်အားဖြစ်၏။ နိုင်ငံတော် အတွင်း ပထဝီ အကန့်အသတ် များကို ကျော်လွှား၍ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက် လာမှုမှသည် တိုင်းရင်းသား အချင်းချင်း ပိုမို အကျွမ်းတဝင် ရှိလာမည် ဖြစ်၏။ အပြန်အလှန် နားလည်မှု၊ တစ်ဦး၏ သဘော ကို တစ်ဦး ပိုမိုသိမြင် လာပြီး အချင်းချင်း ရိုင်းပင်း ကူညီမှု ကိုလည်း တိုးပွား စေမည် ဖြစ်၏။ ထိုမှတစ်ဆင့် တိုင်းရင်းသားပြည်သူများအကြား ချစ်ခင်ရင်းနှီးမှု၊ မေတ္တာ တရား၊ သံယောဇဉ် တရားများ ပိုမိုခိုင်မာ လာပြီး ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ခိုင်မြဲ လာကြမည် ဖြစ်ပါ၏။    ။

မြ၀တီ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: