Pages

Tuesday, January 15, 2013

လွှတ်တော်အမတ်များ ဖတ်မိစေဖို့

၁၅-၁-၂၀၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ပြည်ထောင်စုလွှတ်တော် သတင်းဖော်ပြချက်(၁)

နေပြည်တော် ဇန်နဝါရီ ၁၄

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့တွင် ကျင်း ပရာ ရှေး ဦး စွာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က  နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် နှစ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ် မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးတက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း သည့် သဝဏ်လွှာကိုတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။
 
ဆက်လက်၍ အာမေးနီးယားသမ္မတနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ရေးကိစ္စ နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ် (၃) ဦး တို့က ဆွေးနွေးကြသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများတွင် မြန်မာသံရုံး(၃၃)ရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံး (၃)ရုံး နှင့်  မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၄) ရုံး စုစုပေါင်း ဖွင့်လှစ်ထား ရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ရုံးများ၌ သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များကို တာဝန်ပေးစေလွှတ် ခန့်အပ်ထားကြောင်း၊ ယင်းနိုင်ငံများမှတစ်ဆင့်လည်း ဥရောကော်မရှင်နှင့် ဥရောပယူနီယံ အပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်း(၃၈) ခုကို ဌာနေရုံး သွားရောက်ဖွင့်လှစ်ခြင်းမဟုတ်ဘဲ ပူးတွဲ၍ တာဝန် ထမ်းဆောင်စေလျက်ရှိကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် လွှတ်တော်၏ သဘောထားကို ရယူရာ သဘောမတူသူ မရှိသည့်အတွက် အာမေးနီးယးသမ္မတနိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ရန် နိုင်ငံတော်သမ္မတ၏ တင်ပြချက်ကို လွှတ်တော်က အတည်ပြုသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များအပေါ် ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို မဲခွဲဆုံးဖြတ်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် အတိုင်း အတည်ပြုသည်။

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်  ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်များအပေါ် ဆွေးနွေးကြသည်။

နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကျမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့သည့် သဘောထား မှတ်ချက်များမှာ “ဥပဒေကြမ်း ပုဒ်မ(၂)၊ ပုဒ်မခွဲ(က) နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၁ ၌ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်းကို လည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ်  တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကို လည်းကောာင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်ဟု ပြဋ္ဌာန်းထားပါသည်။ လွှတ်တော်၏ ပြင်ဆင်ပြဋ္ဌာန်းလိုချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်လျက်ရှိရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ အရ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ (၂၂)  ခုတွင် ဖွဲ့စည်းပုံ ဥပဒေအား မဆန့်ကျင်သော ပြဋ္ဌာန်းချက် သာလျှင် အတည် ဖြစ်သည်ဟုပုဒ်မ ၄၄၆ တွင် ပြဋ္ဌာန်းပြီးဖြစ်ရာ ဆန့်ကျင်ပြဋ္ဌာန်းလျှင် အလိုအလျောက်ပျက်ပြယ်မည် ဖြစ်ပါကြောင်း။

ဥပဒေကျမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)နှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၂ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၂ နှင့် ၃၂၃တို့၏ ပြဋ္ဌာန်းချက်များတွင် ပါရှိသော ခုံရုံး၏ လုပ်ငန်းတာဝန်များအား စုစည်းဖော်ပြထားခြင်း ဖြစ်ပါသည်။  ဖြည့်စွက်သည့် ပုဒ်မခွဲ(ဈ) ပါ ဖော်ပြချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်  ပါဝင်ခြင်းမရှိသည့်အပြင် ထိုသို့ ဖြည့်စွက်ပြဋ္ဌာန်းပါက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အမြင့်ဆုံးတရားရုံးဖြစ်သည့် ထိုခုံရုံး၏ လွတ်လပ်စွာတရား စီရင်ရေး ဆုံးဖြတ်ခွင့်ကို ထိခိုက်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တရားစီရင်ရေးကဏ္ဍအား ဝင်ရောက်စွက်ဖက်မှုဖြစ်လာပါမည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာတရားစီရင်ရေးမူကိုလည်း ဆန့်ကျင်နေပါသည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အား ဆန့်ကျင်လျက်ရှိရာ  ဒီမိုကရေစီအနှစ်သာရ ပီပြင်စေရေး အထူးစောင့်ထိန်းရမည့် အချက်ဖြစ်သဖြင့် ဖြည့်စွက်ပြဋ္ဌာန်းရန် မသင့်ကြောင်း တွေ့ရှိရပါကြောင်း။

ဥပဒေကျမ်း၏ ပုဒ်မ ၃ နှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေပုဒ်မ ၂၃ နှင့် ၂၄ကို ပြင်ဆင်အစားထိုး ပါက အပြီးအပြတ် အတည်ဖြစ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ)ပါ တရားရုံးတစ်ရုံးက တင်သွင်းသော အကြောင်းကိစ္စအပေါ် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်တစ်ခုနှင့်သာ သက်ဆိုင်စေ မည် ဖြစ်ပါသည်။ ကျန်အကြောင်း ကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက် များသည် အပြီးအပြတ်ဖြစ်မည် မဟုတ်သဖြင့် အယူခံပြင်ဆင် တက်ရောက်နိုင်ခွင့်ရှိသော ဆုံးဖြတ်ချက်အဖြစ်သို့ သက်ရောက်စေပါသည်။ ယင်းပြင်ဆင်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၄ ပါပြဋ္ဌန်းချက်ဖြစ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည် ဆိုသည့် ပြဋ္ဌာန်းချက်အား ဆန့်ကျင် သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက်အရ ပျက်ပြယ်မည်သာ ဖြစ်ပါကြောင်း။

ဥပဒေကြမ်း၏ ပုဒ်မ ၄ နှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ ပုဒ်မ ၂၅ မှာ ခုံရုံးဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် များသို့လည်ကောင်း၊ သက်ဆိုင်ရာ နေရာ ဒေသအသီးသီးသို့ လည်းကောင်း အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းချက်ဖြစ်ပါသည်။ ပုဒ်မ ၂၅ ၏ အနှစ်သာရမှာ ခုံရုံး၏ ဆုံးဖြတ်ချက် အကျိုးသက်ရောက်မှုအပေါ် အငြင်းပွားမှု မရှိစေရန်  ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ပြဋ္ဌာန်းထားခြင်းမရှိပါက ခုံရုံး၏ အကျိုးသက်ရောက်မှုအပေါ် အငြင်း ပွားခြင်း ၊ အဓိပ္ပာယ်ဖွင့်ဆိုရခြင်းများ ရှိလာနိုင်သဖြင့် မူလဥပဒေပြဋ္ဌာန်းချက် ပုဒ်မ ၂၅ ကို ပယ်ဖျက်၍ မရကြောင်း တွေ့ရှိရ ပါကြောင်း” ဟူ၍ ဖြစ်သည်။

ထို့နောက်နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ သီပေါ မဲဆန္ဒနယ်မှ ဦးရဲထွန်းက ဆွေးနွေးရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အချက်တစ်ချက်ချင်း အလိုက် ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆွေးနွေးသည့်အခါ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဌာနစွဲ မထားဘဲ မှန်သည်ဟု မိမိထင်မြင် ယူဆထားသည့်အတိုင်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ နောက်တစ်ချက် အရေးတကြီးပြောလိုသည်မှာ မိမိဆွေးနွေးပြောဆိုချက် များသည်  လက်ရှိ ဖွဲ့စည်းပုံဥပဒေကို ကြိုက်ခြင်း- မကြိုက်ခြင်း၊ ပြင်ဆင်လိုခြင်း- မပြင်ဆင်လိုခြင်းများနှင့် သက်ဆိုင်မှုမရှိဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးထားရှိသည့် နိုင်ငံရေး စနစ်တစ်ရပ်တွင် ရှိသင့်ရှိထိုက်၊ အလေးအနက် ထားသင့်ထားထိုက်သော မူဘောင်များဘက်မှ ရပ်တည်ပြီး ဆွေးနွေးသွားမည်ဖြစ်၍ မိမိသည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင် မပြောင်းလဲလို သည့်သူဟု မထင်မှတ်ကြရန် ဖြစ်ပါကြောင်း၊ မိမိတို့တစ်တွေ ဥပဒေများ ပြုကြသည့်အခါ ထိုဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်၍ မရဘူးဆိုသည်ကို အားလုံးသိရှိ လက်ခံကြပြီး ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုအကျိုးစီးပွားကို မဖော်ဆောင်နိုင်ခြင်း၊ ဆန့်ကျင်နေခြင်းကို တွေ့ရှိလာလျှင် ထိုမူလအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ကိုသာ ပြင်ဆင်ရန် ကြိုးစားကြရ မည် ဖြစ်ပါကြောင်း၊ ထိုသို့ မကြိုးစားဘဲ  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည့် ဥပဒေများကို ဇွတ်အတင်း ရေးဆွဲပြဋ္ဌာန်းရန် သာ ကြိုးစားကြမည်ဆိုလျှင် နောင်အနာဂတ် ဥပဒေပြုရေးတွင် ထုံးစံတစ်ခုကဲ့သို့ ဖြစ်သွားပြီး မဖြေရှင်းနိုင်အောင် ရှုပ်ထွေးလှသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာများ တသီတတန်းကြီး ပေါ်ထွက်လာမည်မှာ အသေအချာပင် ဖြစ်ပါကြောင်း၊ ထိုအခါ အရည်အချင်းပြည့်ဝပြီး အဂတိတရားလေးပါးကင်းစင်သည့် လွတ်လပ်မှု အပြည့်အဝ ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း မရှိ၊ ခုံရုံး၏ဆုံးဖြတ် ချက်များကလည်း ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်လျှင် နောက်ဆုံးအဆုံးအဖြတ် မဖြစ်ရာ ဘယ်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို နာခံရမှန်းမသိ ဖြစ်ပြီး ပြဿနာများ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာပါလိမ့်မည် ဖြစ်ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  အတိအကျ ပြဋ္ဌာန်းထားချက်များကိုအဓိပ္ပာယ်  အနည်းငယ် ကွဲလွဲအောင် ပြင်ဆင်ရေးသားလိုက်ခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်သည်ဟု ဆိုလိုခြင်းပင်ဖြစ်ပါကြောင်း၊  ယခုလည်းဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၂၁ တွင်  အတိအကျ ပြဋ္ဌာန်းထားသည့် ''နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့်  အဖွဲ့ဝင်သုံးဦး၊    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက    ရွေးချယ်ထားသည့်  အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦးစုစုပေါင်းကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက်  သဘောတူညီချက် ရယူရမည်''ဟု အတိအကျ ပြဋ္ဌာန်းထားခြင်းကြောင့်  ထိုပြဋ္ဌာန်းချက်ကိုပြန်လည် ပြင်ဆင်ရေးသား ထားသည့်ဥပဒေကြမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ(က)သည် ဒီမိုကရေစီကျင့်စဉ်များနှင့် ပိုမိုညီညွတ်ပါသည်ဟု မှန်ကန်သည့် အကြောင်းပြစေ ကာမူ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်နေသည့် အတွက် မိမိအနေဖြင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်ကို မထောက်ခံနိုင်ပါကြောင်း၊ အကယ်၍သာ ဤပြင်ဆင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၁ ကို အစားထိုးပြင် ဆင် ပြဋ္ဌာန်းခြင်းလုပ်ခြင်း ဆိုပါက မိမိထောက်ခံမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်  ယခုကိစ္စတွင်  ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြဋ္ဌာန်းရာ ရောက်သည့်အတွက်   သမ္မတ၏သဘောထားမှတ်ချက်ကသာ မှန်ကန်သည်ဟု ယူဆထောက်ခံအပ် ပါကြောင်း။

ဥပဒေကြမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)တွင် ပုဒ်မခွဲ(ဈ) ဖြည့်စွက်ခြင်းနှင့် ပတ်သက်ပြီး ခုံရုံးအဖွဲ့ဝင်များသည် မိမိတို့အား ရွေးချယ်ပေး လိုက်သော လွှတ်တော်ဥက္ကဋ္ဌများနှင့် သမ္မတတို့အား အသီးသီး အစီရင်ခံခြင်းအစား၊ ''မိမိတို့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍  ပြည်ထောင်စုအစိုးရအဖွဲ့၊   ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်နယ်/တိုင်းဒေသကြီးအသီးသီး၏အစိုးရအဖွဲ့များ၊ လွှတ်တော်များနှင့် တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့ အသီးသီးတို့ထံ သဝဏ်လွှာပေးပို့အကြောင်းကြားရမည်''ဟုသာဖြည့်စွက်သည် ဆိုလျှင် အဓိပ္ပာယ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့်ပတ်သက်၍ နောက်ဆုံး အဖြေကို အားလုံးသိရှိ လိုက်နာစေရန်ဖြစ်သည့်အတွက် လျော်ကန်သင့်မြတ်ပါ ကြောင်း၊ သို့သော်လည်း ပြည်သူ့လွှတ်တော်တွင် ယခုဥပဒေကြမ်းကို အချိန်ယူ ဆွေးနွေးခွင့် မရခဲ့သည့်အတွက် ပြင်ဆင်ချက်မ တင်သွင်းခဲ့ရပါကြောင်း၊ ယခုတင်သွင်းထားသော ဥပဒေကြမ်းအလိုအရ ခုံရုံးအဖွဲ့ဝင်များသည် ခုံရုံးတာဝန်များကို ထမ်းဆောင်ပြီး တိုင်း သက်ဆိုင်ရာ နိုင်ငံတော်သမ္မတ၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ်  အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံသို့ အသီးသီးအစီရင်ခံခြင်းဟု ဆိုထားရာ ခုံရုံးအဖွဲ့ဝင်များက မိမိတို့၏ အထက်ပုဂ္ဂိုလ်များ(သို့မဟုတ်) မိမိတို့ကိုသူကောင်း ပြုခဲ့သူများကို အမြဲတမ်း သတိရ၊ သစ္စာစောင့်သိနေစေရန်ဆိုသည့် အဓိပ္ပာယ်ဆောင်နေ၍  လွတ်လပ်စွာ တရားစီရင်ခြင်းကိစ္စတွင်  အဂတိတရားကင်းစင်ရန် အနှောင့်အယှက် ဖြစ်နေမည် သေချာပါကြောင်း၊ ထိုသို့အစီရင်ခံရခြင်း၊  ခုံရုံးကို ထိန်းကျောင်းမည့် အစားခုံရုံးအဖွဲ့ အတွင်းပြဿနာများ ကို ဆွေးနွေးသုံးသပ်ကြရာမှာ ဒီမိုကရေစီ ကျင့်စဉ်များကို ပီပီပြင်ပြင် ကျင့်သုံးနိုင်စေရေး၊ ခုံရုံးဥက္ကဋ္ဌက တစ်ဦးတည်း လက်ဝါးကြီးအုပ် မလွှမ်းမိုးနိုင်စေရေးနှင့် အဂတိတရား(၄)ပါးကင်းစင်ရေးတို့အတွက် လိုအပ်သော ဥပဒေများပြုပြီးထိန်းကျောင်းမှု ပြုခြင်းကပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း။

ထို့အပြင်  ဥပဒေကြမ်း ပူးပေါင်းကော်မတီကခုံရုံးနှင့်    တရားရုံးတူညီမှု မရှိပါကြောင်း ဆိုသည့် ကောက်ချက်ကိုလည်း  ဝေဖန်  ထောက်ပြ လိုပါကြောင်း၊ ခုံရုံးနှင့် တရားရုံးဆိုပြီး မိမိတို့၏  ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  ခွဲခြားအဓိပ္ပာယ်  ဖွင့်ဆိုထားခြင်းမှာ ထမ်းဆောင် ရသောတာဝန်များ မတူသည့်အတွက်ကြောင့် အခေါ်အဝေါ်ကွဲပြားနေခြင်း မှန်ပါကြောင်း၊ ခုံရုံးမှာဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ၊မညီဆိုသည့် ကိစ္စရပ်များကို ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီသာ လေ့လာစိစစ်သုံးသပ်ရမည်ဖြစ်ပြီး တရားရုံးများကလည်း ပြည်သူများအတွင်းဖြစ်ပွားသည့် အမှုကိစ္စများနှင့် ပတ်သက်ပြီး ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ အမှန်အမှားကို ခွဲခြားသုံးသပ် ဆုံးဖြတ်ရခြင်း ဖြစ်ပါကြောင်း၊  ထို့ကြောင့်  ခုံရုံးရော၊  တရားရုံးရော နှစ်ခုလုံးသည်  ဥပဒေများကိုသာ စံအဖြစ်ထားပြီး စီရင်ဆုံးဖြတ်ဆောင်ရွက်ရခြင်း အတူတူပင်ဖြစ်၍ အားလုံးသည်  တရားရုံးများချည်း ဖြစ်ပါကြောင်း၊ အင်္ဂလိပ်ဘာသာ အခေါ်အဝေါ်အားဖြင့်လည်း Tribunalဆိုသည့်  ခုံရုံးကို=  Law Court ဟုသာ အဓိပ္ပာယ် ဖွင့်ဆို ထားပါကြောင်း၊   Constitutional Tribunal ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးဟုလည်း ဗမာဘာသာပြန်ဆို သုံးနှုန်းကြခြင်းကို တွေ့ရပါကြောင်း၊ အမေရိကန် နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးမထားရှိဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို Supreme court of the United States ဟုခေါ်သည့်  အမေရိကန် ဗဟိုတရားရုံးချုပ်ကသာ တာဝန်ယူဖြေရှင်းပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးဖြစ်သည့် ခုံရုံးသည် တရားရုံးနှင့် တူညီမှုမရှိ၍ တရားစီရင်ရေး၏ အခြေခံမူဖြစ်သော လွတ်လပ်စွာ တရားစီရင်ရေးကို ဆန့်ကျင်မှု မရှိပါဆိုသည့် ကောက်ချက်ကို မိမိအနေဖြင့် အလေးအနက် ဆန့်ကျင်ပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ကြုံကြိုက်တုန်း အကြံပြုလိုသည်မှာ အခြေခံဥပဒေဆိုင်ရာ တရားရုံး၊ တရားစီရင်ရေးမူ များကို ကမ္ဘာပေါ်တွင် ပထမဆုံး ဖော်ထုတ်ပြီး လက်တွေ့ကျင့်သုံးခဲ့သော သြစတြီးယားနိုင်ငံသား ဥပဒေနှင့် တွေးခေါ် ပညာရှင် ပါမောက္ခ ဒေါက်တာ ဟန်(စ်)ကယ်လ်ဆင် Hans Kelsen ၏ ရေးသားချက် များကို လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း။

ထို့ကြောင့် ဥပဒေကြမ်း၏ ပုဒ်မ (၂)(ခ)တွင် ဆိုထားသောပုဒ်မခွဲ(ဈ) ဖြည့်စွက်ခြင်းနှင့် ပတ်သက်ပြီး သမ္မတ၏ သဘောထား မှတ်ချက်ကသာ မှန်ကန်သင့်မြတ်ကြောင်း ထောက်ခံအပ် ပါကြောင်း။

ဥပဒေကြမ်း၏ ပုဒ်မ(၃)နှင့်ပတ်သက်ပြီး ယခုကဲ့သို့ သုံးသပ်တင်ပြလိုပါကြောင်း၊ မူလက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံးရုံးဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုဆိုသည့် ခေါင်းစဉ်အောက်တွင် ရှိသောပုဒ်မ ၃၂၄ တွင် ဖြစ်ပါကြောင်း၊ ယင်းတွင် သီးခြားပုဒ်မတစ်ခုအဖြစ် ''နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏  ဆုံးဖြတ်ချက်သည်  အပြီးအပြတ်အတည်ဖြစ်သည်'' ဟု ဆိုထားပါကြောင်း၊ အထက်ကပုဒ်မ ၃၂၃ နှင့် ဆက်စပ်ရေးသားထားခြင်းမရှိသည့်အတွက် အပြီးအပြတ် အတည်ဖြစ်ခြင်းကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ပေးအပ်ထားသော တာဝန်အားလုံးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို ဆိုလိုသည်ဟု ယူဆရမည် ဖြစ်ပါကြောင်း။

ယခုပြင်ဆင်ချက် ဥပဒေကြမ်းမှာ      ''ပုဒ်မ  ၂၃  အရချမှတ်သောခုံရုံး၏ ဆုံးဖြတ်ချက် သည်  အပြီးအပြတ် အတည်ဖြစ်စေရမည်''ဟု ဆိုလိုက်သည့်အတွက် သမ္မတက ထောက်ပြသကဲ့သို့ ခုံရုံး၏ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဆ)ပါ တရားရုံးတစ်ရုံးက တင်သွင်းသောအကြောင်းကိစ္စ တစ်ရပ်အပေါ် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်တစ်ခုနှင့်သာ သက်ဆိုင်မည်ဖြစ်၍ ခုံရုံးကိုပေးအပ်ထားသော အခြားသောတာဝန် (၇)ရပ်နှင့်ပတ်သက်ပြီးခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်တော့မည်  မဟုတ်ပါကြောင်း၊  ထိုသို့ဆိုလျှင်  ဘယ်အဖွဲ့အစည်းက နောက်ဆုံး အဆုံးအဖြတ်ပေးရမည်လဲ ဆိုသည့် အမေးပေါ်လာပါကြောင်း၊ နောက်ဆုံးအဆုံးအဖြတ် ပေးသောအဖွဲ့အစည်းသည်    ပြည်ထောင်စုလွှတ်တော်  ဖြစ်သည်ဟု ယူဆကြမည် ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုလည်း ထားစရာမလိုတော့ဘဲ အာဏာကြီး(၃)ရပ် အကြားက အပြန်အလှန်ထိန်းကျောင်းမှု ဆိုခြင်းမှာလည်း ပျောက်ကွယ် သွားမည်ဖြစ်ပါကြောင်း၊ နောင်အနာဂတ်တွင် မိမိတို့၏ ဖွဲ့စည်းပုံအခြေခံခုံရုံးသည် ပြည်ထောင်စုနှင့် ပြည်နယ်/ တိုင်းဒေသကြီးများအကြား၊ ပြည်နယ်အချင်းချင်းအကြား၊ တိုင်းဒေသကြီး အချင်းချင်းအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု အများအပြားကို ဖြေရှင်းပေးလာရဖွယ် ရှိပါကြောင်း၊ ယင်းအချိန်တွင်  နောက်ဆုံးပိတ်ဆုံးဖြတ်ခွင့် အာဏာအပြည့်အဝ မရှိသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ပျော့ညံ့ချက်ကြောင့် ပြဿနာများမှာ ပိုမိုရှုပ်ထွေး လာနိုင်ပါကြောင်း။

ထို့ကြောင့် မိမိအနေဖြင့်  နိုင်ငံတော်သမ္မတ၏  သဘောထားမှတ်ချက်ကသာ သင့်လျော် မှန်ကန်ကြောင်းကို ပြောကြားလိုပါကြောင်း။

ဥပဒေကြမ်း၏ ပုဒ်မ ၄ နှင့်ပတ်သက်ပြီး မူလဥပဒေပြဋ္ဌာန်းချက် ပုဒ်မ ၂၅ ကို ပယ်ဖျက်ထားခြင်း ဖြစ်ပါကြောင်း၊  ယင်းကိစ္စနှင့်ပတ်သက်၍  ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သဘောထားမှတ်ချက်က လျော်ကန်သင့်မြတ်သည်ဟု ယူဆပါကြောင်းဖြင့်  ဆွေးနွေးသည်။

ယင်းနောက် တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီး မျိုးမြင့်ဦးက ဆွေးနွေးရာတွင်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၃၂၁  တွင်  နိုင်ငံတော်သမ္မတ သည် ခုံရုံးဥက္ကဋ္ဌအဖြစ်  တာဝန်ပေးအပ်ရန်   အဖွဲ့ဝင်တစ်ဦး၏ အမည်ကို ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူရမည်ဟု ပြဋ္ဌာန်းထား ပါကြောင်း။

ယင်းပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆ အရ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သော နိုင်ငံတော်သမ္မတအား နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ပိုင် ခွင့်ကို အပ်နှင်းထားခြင်း ဖြစ်ပါကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊  ပြည်ထောင်စုစာရင်းစစ်ချုပ်၊  ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများကိုခန့်အပ် တာဝန်ပေးအပ်ရန် နိုင်ငံတော်သမ္မတအား လုပ်ပိုင်ခွင့်အပ်နှင်းကြောင်းတွေ့ရှိရပါ ကြောင်း၊ ထို့အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ေ ပးခြင်းနှင့် စပ်လျဉ်း၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၇ တွင် ''နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အဖြစ် ခန့်အပ်တာဝန်ပေးရမည်'' ဟုဖော်ပြ၍ နိုင်ငံတော်သမ္မတအား လုပ်ပိုင်ခွင့် ပေးထားကြောင်းကို တွေ့ရှိရပါကြောင်း။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၁ အရနိုင်ငံတော်သမ္မတ၊  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ကနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်  သုံးဦးစီကို ရွေးချယ်ပေးခြင်းသည်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းသို့ရွေးချယ်ပေးထားသည့်  အဖွဲ့ဝင်များအနက်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ရွေးချယ်ခြင်းနှင့်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၇ အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များအားနိုင်ငံတော် သမ္မတက ခန့်အပ် တာဝန် ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏  အနှစ်သာရဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတက ခုံရုံးဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ရန်  ယင်း၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း ရွေးချယ်စေမည် ဆိုပါကဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်သောနိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရာ ရောက်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရကိုလည်း ဆန့်ကျင်မည် ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်  ဒုတိယစာရင်းစစ်ချုပ်အားလုံးတို့သည် နိုင်ငံတော်သမ္မတကိုတာဝန်ခံရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင်    ပြဋ္ဌာန်းထားပါကြောင်း၊    သို့ရာတွင်    ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးသော်လည်း ယင်းတို့သည် လုပ်ငန်းသဘာဝအရ လွတ်လပ်စွာဆုံးဖြတ် ဆောင်ရွက်ရသောပုဂ္ဂိုလ် များဖြစ်သဖြင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်ဆိုသည့် အချက်ကို ထည့်သွင်း ပြဋ္ဌာန်းထားခြင်း မရှိပါကြောင်း။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂ (ဂ)နှင့် ၂ (စ) တို့တွင် ''ခုံရုံး'' ဆိုသည့် စကားရပ်နှင့် တရားရုံး ဆိုသည့် စကားရပ်တို့ကို ခွဲ၍ အဓိပ္ပာယ် ဖွင့်ဆိုထားရုံမျှဖြင့် တူညီခြင်းမရှိ၊ ခုံရုံးသည် တရားရုံးမဟုတ်သည့် သဘောဆိုနိုင်မည် မဟုတ်ပါကြောင်း၊  ''တရားရုံး '' ဆိုသည့် စကားရပ် အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ဖော်ပြမထားသော စစ်ဘက်ဆိုင်ရာ တရားရုံးသည်လည်း တရားရုံးမဟုတ်သည့် သဘောဆိုလိုရာရောက်မည် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ တရားစီရင်ရေးအခန်း၌တရားရုံးများ ဖွဲ့စည်းခြင်း ခေါင်းစဉ်တွင် ပုဒ်မ ၂၉၃ ကိုဖော်ပြထားပါကြောင်း ၊ ယင်းပုဒ်မ ၂၉၃ အရ အထက်ဖော်ပြပါ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတွင် ဖော်ပြထားသော တရားရုံးများ အပါအဝင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် စစ်ဘက်ဆိုင်ရာ တရားရုံးများသည် '' တရားရုံး'' များဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပါကြောင်း။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးစနစ်ကျင့်သုံးသည့် ကမ္ဘာ့နိုင်ငံ အချို့နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိမှုများကို တင်ပြလိုပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးများနှင့် စပ်လျဉ်း၍-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးစနစ်ကျင့်သုံးသည့် နိုင်ငံများ။ ၅၆ နိုင်ငံ
(ခ)  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးစနစ်ကျင့်သုံးသည့် နိုင်ငံများ။ ခြောက်နိုင်ငံ
(ဂ)  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရုံးစနစ်ကျင့်သုံးသည့်နိုင်ငံများ။ လေးနိုင်ငံ
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကောင်စီစနစ်ကျင့်သုံးသည့်နိုင်ငံများ၊ ၁ဝနိုင်ငံဟူ၍ တွေ့ရှိရပါကြောင်း။

ဖော်ပြပါ အချက်များအရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် တရားရုံးတစ်ခုဖြစ်ပြီး ယင်း၏လုပ်ငန်း တာဝန်များမှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၂ပါ ပြဋ္ဌာန်းချက်အတိုင်းဖြစ်ရာ တရားရုံးတစ်ခုအနေဖြင့် ယင်း၏လုပ်ငန်းတာဝန်များကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် အခြေအနေရှိသင့်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်ပြီး ခုံရုံးအဖွဲ့ဝင်တို့သည် မိမိတို့အား ရွေးချယ်သည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးထံ အစီရင်ခံစေမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၂ပါ လုပ်ငန်းတာဝန်များကို အစီရင်ခံ တင်ပြရမည် ဖြစ်သဖြင့် လွတ်လပ်စွာ  တရားစီရင်ရေးအခြေခံမူနှင့် နိုင်ငံတော်အချုပ်အခြာအာဏာသုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးခြင်းမူတို့ကို ထိခိုက်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူနှင့် ဆန့်ကျင်မည်ဖြစ်ပါကြောင်း။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ၂၃နှင့်၂၄တို့ကို ပြန်လည် အမှတ်စဉ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆောင်ရွက်သည်ဟု သာမန်အားဖြင့် ဆိုနိုင်ပါကြောင်း၊ သို့ရာတွင်ယင်းသို့ ပုဒ်မ၂၄အဖြစ်ပြောင်းလဲ အမှတ်စဉ်သည့် ပြဋ္ဌာန်းချက် တွင် ''ပုဒ်မ ၂၃အရ ချမှတ်သော'' ဆိုသည့် စကားရပ်ကို ဖြည့်စွက်ထားခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်းကို တွေ့ရှိရ ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၂၃ နှင့် ၃၂၄တို့၏အထက်ရှိ ခေါင်းစဉ်တွင် “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု” ဟု ဖော်ပြထား ပါကြောင်း၊ ယင်းဖော်ပြချက်တွင် တရားရုံးကတင်ပြ၍ချမှတ်သော ဆုံးဖြတ်ချက်ဟု မပါရှိပါကြောင်း၊ ခုံရုံးသည်တရားရုံးက တင်ပြသောကိစ္စရပ်များအတွက် သာမက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၅နှင့်ပုဒ်မ၃၂၆တို့ပါ ပုဂ္ဂိုလ်များက တင်သွင်းသော ကိစ္စရပ်များအတွက်ပါ ဆုံးဖြတ်ချက်ချမှတ်ရသည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရ ပါကြောင်း၊ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ပါအပြီးအပြတ် အတည်ဖြစ်ကြောင်း ပြဋ္ဌာန်းချက်သည် ခုံရုံးက ချမှတ်သော ဆုံးဖြတ်ချက်အားလုံးနှင့် သက်ဆိုင်မည် ဖြစ်ပါကြောင်း။

တရားရုံး တစ်ရုံးက တင်သွင်းသော အကြောင်းကိစ္စနှင့် စပ်လျဉ်း၍ ချမှတ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သာ အပြီးအပြတ် အတည်ဖြစ်စေရန် ပုဒ်မ၂၃နှင့်၂၄တို့ကို ပြန်လည် အမှတ်စဉ်ပြီး ပြင်ဆင်ချက်ဥပဒေကြမ်းပါအတိုင်း ပြဋ္ဌာန်းမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ကွဲလွဲမည်ဖြစ်ပါကြောင်း။

ကမ္ဘောဒီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် (၁၄၂)တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကောင်စီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်ဟူ၍ လည်းကောင်း၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ်၂၄ (၉)တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးသည် အမှုတစ်ခုကိုမူလနှင့် နောက်ဆုံးအဆင့် စစ်ဆေးစီရင်ရန် အာဏာရှိစေရမည်။ ထို့ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည့် ဥပဒေများကို သုံးသပ်ပြီးဆုံးဖြတ်ရာတွင်လည်း အပြီးအပြတ်အာဏာ ရှိစေရမည်ဟူ၍လည်းကောင်း၊ ရုရှားနိုင်ငံ၏ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေအပိုဒ် ၇၉တွင် ရုရှား ပြည်ထောင်စု နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပြီး အယူခံနိုင်ခြင်းမရှိစေရဟူ၍လည်းကောင်း၊ တောင်အာဖရိကနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၁၆၇(၅)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် အပြီးအပြတ် ဆုံးဖြတ်ချက် ပေးသည် ဟူ၍ လည်းကောင်း ပါရှိသည်ကို လေ့လာ တွေ့ရှိရပါကြောင်း။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၃တွင် ပြည့်စုံစွာ ပြဋ္ဌာန်းထားရှိသဖြင့် ပုဒ်မ၂၅ကို ပယ်ဖျက်လိုကြောင်း တွေ့ရှိရပါကြောင်း၊ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၃သည် တရားရုံး တစ်ရုံးက အမှုတစ်မှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိ/မရှိ ညီညွတ်မှု ရှိ/မရှိ အငြင်းပွားမှု ပေါ်ပေါက်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြပြီးအဆုံးအဖြတ်ခံယူသည့် ကိစ္စရပ်တစ်ခုအတွက်သာလျှင် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၅နှင့် ပုဒ်မ ၃၂၆ပါ ပုဂ္ဂိုလ်များက တင်သွင်းသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက် သည် မည်သို့ အကျိုးသက်ရောက်မည်ကို ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိနိုင် ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၃ပါ ယင်းအငြင်းပွားမှုနှင့် စပ်လျဉ်း၍ခုံရုံး၏ ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်ဆိုသည့် ဖော်ပြချက်မှာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ၂၅ပါခုံရုံး၏ ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသို့ လည်းကောင်း၊ သက်ဆိုင်ရာ နေရာဒေသအသီးသီးသို့လည်းကောင်း အာဏာသက်ရောက်စေရမည် ဆိုသည့် ပြဋ္ဌာန်းချက်နှင့် တူညီခြင်းမရှိပါကြောင်း၊ ယင်းပုဒ်မ၂၅သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၃ပါပြဋ္ဌာန်းချက်ကို မထိခိုက်စေဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၅နှင့် ပုဒ်မ ၃၂၆တို့ပါ ပုဂ္ဂိုလ်များက တင်သွင်းသော ကိစ္စရပ်များ အကျုံးဝင်ခြင်း ရှိ/မရှိ အငြင်းမပွား နိုင်စေရေးအတွက် ကမ္ဘာ့နိုင်ငံများ၏ ခုံရုံးဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ကျယ်ကျယ် ပြန့်ပြန့် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း တွေ့ရှိနိုင်ပါကြောင်း၊
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

လွှတ်တော်အမတ်များ ဖတ်မိစေဖို့

Labels:

0 comments: