Pages

Monday, December 31, 2012

ရင်ဆို့မိသော ဆွမ်းတစ်လုတ် (သို့) မိခင် တစ်ယောက် ရဲ့ ၀မ်းနည်း မှတ်တမ်း

ခုတလော အင်တာနက်စာမျက်နှာတွေမှာ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ မြန်မာ စစ်တပ်တို့ တိုက်ကြ ခိုက်ကြလို့ သေကြ ကြေကြ ထိခိုက် ဒဏ်ရာတွေ ရကြတဲ့ သတင်းတွေကို မကြာခဏ ဆိုသလို တွေ့နေရတာ အလွန်ကို စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဒီလိုမျိုး အင်တာနက်စာ မျက်နှာပေါ်က ပြည်တွင်းစစ်သတင်းတွေ ဖတ်ပြီး စိတ်မကောင်း ဖြစ်နေတုန်းမှာဘဲ ဒကာမတစ်ဦးက သူ့ သားတော်မောင် ဗိုလ်တစ်ယောက် ရှေ့တန်းမှာ တာဝန်ကျနေလို့ ဘေးကင်း ရန်ကင်း အန္တရာယ် ကင်းအောင် ဆွမ်းအုပ်လာပို့ပါတယ်။ သူ့သားအတွက် ဘေးအန္တရာယ် ကင်း ရှင်းအောင် မေတ္တာပို့ပေး ပါလို့လဲ လျှောက်သွားလေရဲ့။ ရင်မော လိုက်တာ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က လာပင့်တဲ့ ဆွမ်းစားတစ်ခု ဆိုရင် ရင်မောရုံတင် မဟုတ် ဘူး။ နောက်ကို ဒီလို ဆွမ်းစားမျိုး ဘယ်တော့မှ လာမပင့်ပါစေနဲ့၊ ဒီလိုဆွမ်းစားမျိုးတွေကို ဘယ်သော အခါမှ မကြွပါရစေနဲ့တော့လို့တောင် စိတ်ထဲက ကျိတ်ပြီး ဆုတောင်းမိတဲ့ ဆွမ်းစားမျိုးပါ။ ဆွမ်းစားက ရက်လည် ဆွမ်းသွပ်တာပါ။ ကိုးဆယ်ခြောက်ဖြာ ကိုးဆယ်ရှစ်ဖြာ အနာရောဂါကြောင့် သေရတဲ့ ရက်လည် ဆွမ်းသွပ်မျိုးတော့ မဟုတ်ပါဘူး။ ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ သားတော်မောင် ရဲဘော် တစ်ယောက် ကျဆုံးသွားလို့ မိဘနှစ်ပါးနဲ့ ညီအကို မောင်နှစ်မတွေက မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ကပ်လှူကြတဲ့ ဆွမ်းပါ။ “ကျဆုံးသွားတဲ့ ရဲဘော်က အသက် ဘယ်နှစ်နှစ် ရှိပြီလဲ” လို့ မေးကြည့်တော့ “ဆယ့်ကိုးနှစ်ပဲ ရှိပါသေးတယ်”တဲ့။ “တပ်ထဲဝင်သွားတာဘယ် လောက် ကြာ ပြီလဲ” လို့ ဆက်မေးတော့ “လေးနှစ်လောက် ရှိပါပြီ”တဲ့။ ဒီလိုဆိုတော့ တပ်ထဲရောက်သွားတာ အသက်ငယ်ငယ်နဲ့ ရောက်သွားခဲ့တာပါလား။ ခုတော့ ကျဆုံးသွားရှာလေပြီ။ တကယ်ကို စိတ်မကောင်းစရာပါ။

တကယ်တော့ ရှေ့တန်းမှာ တိုက်နေခိုက်နေ၊ ပစ်နေခတ်နေကြတဲ့ မြန်မာစစ်တပ်က ရဲဘော်လေးတွေရော တိုင်းရင်းသား အဖွဲ့အစည်းများက ရဲဘော်လေးတွေရောဟာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး ရန်ငြိုး ရန်စ အာဃာတတွေ ရှိဖို့ နေနေသာသာ၊ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့ တစ်ဦး တွေ့ဖူး မြင်ဖူး သိဖူးကြတာ မျိုးတောင် ရှိမယ် မဟုတ်ပါဘူး။ သူတို့လေးတွေကို ပစ်ဟေ့၊ ခတ်ဟေ့လို့ အမိန့်တွေ ပေးနေကြလို့သာ ဘာရန်ငြိုး ရန်စ မှ မရှိတဲ့ သူတွေ အချင်းချင်း ပစ်နေကြ ခတ်နေကြရတာပါ။ ဒီလို ပစ်ကြ ခတ်ကြရတဲ့ အတွက် နှစ်ဖက်စလုံးက ရဲဘော်လေးတွေဟာ အမိန့်တွေအောက် မှာ မြေစာ ဖြစ်သွား ရပြီး တိုင်းပြည်ရဲ့ သားကောင်း ရတနာလေးတွေ အလဟဿ ဆုံးရှုံးသွားရတာဟာ အလွန်ကို နှမြောစရာ ကောင်းလှပါတယ်။ ဒီလိုမျိုး တိုင်းပြည်ရဲ့ သားကောင်းရတနာလေးတွေ အလဟဿ ဆုံးရှုံး နေရတာမျိုးတွေကို ခုချိန်မှာ ရပ်တန်းက ရပ်သင့်နေပါပြီ။

ကိုယ့်တိုင်းရင်းသား ညီအကို မောင်နှစ်မတွေ အချင်းချင်း ပစ်ဖို့ ခတ်ဖို့ သတ်ဖို့ ဖြတ်ဖို့ ပေးနေကြတဲ့ အမိန့်တွေလဲ နှစ်ဖက်စလုံးက ချက်ချင်းကို ရပ်သင့်ပါပြီ။ ဒီလိုမျိုး အမိန့်တွေ ရပ်သွားမှဘဲ ဘုန်းဘုန်းတောင်း တဲ့ ဆုတောင်းက ပြည့်မှာပါ။ ဘုန်းဘုန်းတော့ ဘုန်းဘုန်းတောင်းတဲ့ ဆုတောင်းကို ခုချက်ချင်းကို ပြည့်ချင်နေပါပြီလေ။

ကျွန်တော် ဒီစာကို ဖတ်ပြီးတဲ့ အချိန်မှာ ရင်ထဲမှာ တစ်မျိုးကြီး ခံစားရပါတယ် ဖော်ပြလို့ မရနိုင်တဲ့ ဝေဒနာ တစ်ရပ်ကိုပေါ့.....

Maha Thumana 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: