ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာဖို့အတွက် မရှိမဖြစ် အခြေခံအင်္ဂါရပ်ကြီး ၅ ခု
http://myanmarthway.blogspot.com/2012/12/blog-post_9430.html
၁။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်။ ပထမဆုံး အချက်က
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ အင်္ဂါရပ် ဖြစ်ပါတယ်။
လွတ်လပ်အားကောင်းတဲ့ မီဒီယာကသာလျှင် ပြည်သူလူထုကို သတင်းမှန်တွေ
ပေးနိုင်မှာဖြစ်တယ်။ ပွင့်လင်းမြင်သာမှုကို အာမခံနိုင်မှာ ဖြစ်တယ်။
အာဏာရှင်စနစ်ဘက်ဆီသို့ နောက်ပြန် လျှောကျသွားမှုကို ကြိုတင်ဟန့်တား
ကာကွယ်နိုင်မှာ ဖြစ်တယ်။
၂။ လွတ်လပ်စွာ စုဝေးခွင့်။ ဒုတိယ အင်္ဂါရပ်က လွတ်လပ်စွာ
စုဝေးခွင့်။ အဲဒီ အခွင့်အရေးရှိမှသာ နိုင်ငံသားများဟာ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းတွေကို တွန်းအားပေးနိုင်ဖို့အတွက် လွတ်လပ်တဲ့ အသင်းအပင်း၊
အစည်းအရုံးများအတွင်း စုဝေးစည်းရုံးနိုင်ကြမှာ ဖြစ်တယ်။ အဲဒီ ၀န်းကျင်မျိုး
ရှိမှသာ ငြိမ်းချမ်းပြီး သစ္စာရှိတဲ့ အတိုက်အခံ အင်အားစု တစ်စုက
နိုင်ငံသားတွေကို စစ်မှန်တဲ့ ရွေးချယ်စရာတွေ ပံ့ပိုးပေးနိုင်မှာ ဖြစ်တယ်ဗျ။
၃။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး။ တတိယ အင်္ဂါရပ်က တကယ့်ကို
အနှစ်သာရ လွတ်လပ်မှုရှိတဲ့ ဈေးကွက်စီးပွားရေး စနစ်တစ်ခု ဖြစ်တယ်ဗျ။
အဲဒီစနစ် ထွန်းကားမှသာ နိုင်ငံသားတွေရဲ့ တီထွင် ဖန်တီးနိုင်မှု စွမ်းအားတွေ
ထွက်ပေါ်လာပြီး အဲဒီကတစ်ဆင့် စည်ပင်ဝပြောမှု၊ အခွင့်အလမ်းနဲ့ စီးပွားရေးအရ
နိုင်ငံတော် အစိုးရအပေါ် မှီခိုအားထားနေရမှုတွေ ထွက်ပေါ်လာမှာ ဖြစ်တယ်ဗျာ။
၎။ လွတ်လပ်တဲ့ တရားစီရင်ရေး။ စတုတ္ထအင်္ဂါရပ်က လွတ်လပ်
အမှီအခိုကင်းတဲ့ တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေးစနစ် ဖြစ်တယ်ဗျ။ လွတ်လပ်တဲ့
တရားရေးစနစ် အောက်မှာသာ တရားဥပဒေ စိုးမိုးမှု ရှင်သန်ထွန်းကားနိုင်မှာ
ဖြစ်တယ်ဗျ။
၅။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်။ နောက်ဆုံး
ပဉ္စမအင်္ဂါရပ်ကတော့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ဖြစ်တယ်ဗျ။ လွတ်လပ်စွာ
ကိုးကွယ်ယုံကြည်ခွင့် ရှိမှသာ ဘာသာအယူဝါဒချင်း မတူသူတွေအကြား
တစ်ဦးအပေါ်တစ်ဦး လေးစားရိုသေမှု ပေါ်ပေါက်လာနိုင်ပြီး အဲဒီ
လေးစားရိုသေမှုသည်သာ စာနာထောက်ထားမှုနဲ့ အရင်းခံ စိတ်ရှည်မှုတို့ ထွန်းကားရာ
လူ့အဖွဲ့အစည်း တစ်ခုကို တည်ဆောက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့
ဆိုကြတယ်ဗျာ။
........ အဲဒီတော့ မြန်မာနိုင်ငံမှာ ပြည်သူနဲ့ အစိုးရဟာ
ရည်မှန်းချက်တစ်ခုတည်းဆီသို့ ဦးတည်လျှောက်လှမ်းနေကြတဲ့ မိတ်ဖက်
အင်အားစုကြီး နှစ်ခု ဖြစ်နေကြပြီလို့ ပြောနိုင်နေပြီ ဖြစ်တယ်ဗျာ။
စာရွက်ပေါ်ကနေ တူညီမှု လက်တွေ့နယ်ပယ်ထဲ တကယ် ရောက်လာ၊ မလာ ဆိုတာကိုတော့
အထက်မှာ ဖော်ပြခဲ့တဲ့ အခြေခံအင်္ဂါရပ်ကြီး ၅ ခုနဲ့ပဲ တိုင်းတာလို့ရမှာ
ဖြစ်တယ်ဗျာ။ မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲ။ ပြည်သူတွေ လွတ်လပ်စွာ
စုရုံးခွင့် ရှိသလား။ အဲဒီ ပိုင်ခွင့်ကို ပြည်သူတွေ အသုံးပြုတဲ့အခါ
အစိုးရရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိသလဲ။ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို
တကယ် ကျင့်သုံးသလား။ ဒါမှမဟုတ် အဲဒါကို ဟန်ပြကျင့်သုံးပြီး နောက်ကွယ်မှာ
ဆွေးမျိုးမိတ်သင်္ဂဟ ကောင်းစားရေးဝါဒက လွှမ်းမိုးကြီးစိုး နေတုန်းပဲလား။
တရားရေးစနစ်အပေါ် ငွေ သို့မဟုတ် အာဏာက လွှမ်းမိုးဖိစီးထားတာမျိုး ရှိသလား။
လူနည်းစု ဘာသာဝင်တွေဟာ လူများစု ဘာသာဝင်တွေနဲ့ အခွင့်အရေး တန်းတူ ညီမျှမှု
ရှိရဲ့လား။ အဲဒီ အခွင့်အရေးတွေ လောလောဆယ်များ အပြည့်အ၀ မရသေးဘူးဆိုရင်လည်း
ရှေ့အလားအလာ ဘယ်လို ရှိသလဲဆိုတာတွေကို မျှော်မှန်းတွက်ချက် ကြည့်နေရမှာ
ဖြစ်တယ်ဗျ။ ............. ...........။
[မောင်ဝံသ၊ ဒီမိုကရေစီ၊ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၆၄ မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။]
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။