Pages

Saturday, November 10, 2012

“““ အမျိုးသား လုံခြုံရေး ”””

နိုင်ငံတစ်နိုင်ငံ တည်တံ့ခိုင်မြဲရေး အတွက် လိုအပ်ချက် များသည် အမျိုးသား လုံခြုံရေး အရေးကိစ္စများ (National Security) ဖြစ်သည့် အတွက် အမျိုးသား လုံခြုံရေးကို ထောင့်စေ့အောင် ဆောင် ရွက်နိုင်မှ သာ မြန်မာနိုင်ငံ တည်တံ့ခိုင်မြဲနိုင်မည် ဖြစ်သည်။

နိုင်ငံတည်တံ့ရေး အတွက် လိုအပ်ချက်များ များမြောင်လှသည် ဖြစ်သည့် အတွက် ဘက်စုံထောင့်စုံမှ ရှုထောင့်မျိုးစုံဖြင့် စဉ်းစားမှသာ မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး တောင့်တင်းလိမ့်မည် ဖြစ်သည်။

ပြည်ပ စစ်ရန်ကို ဦးစားပေး စဉ်းစားလျှင် နိုင်ငံ၏ စစ်ရေးအင်အားကို အဓိကထား စဉ်းစားရမည် ဖြစ်သော် လည်း နိုင်ငံ တည်တံ့ခိုင်မြဲရေးကို ခြိမ်းခြောက် နိုင်သည်မှာ ပြည်ပစစ် တစ်မျိုးတည်း မဟုတ်သည့်အတွက် စစ်ရေးမဟုတ်သော အမျိုးသား လုံခြုံရေးများ (non-military national security) ကိုပါ အလေးပေး ရ မည် ဖြစ်သည်။

ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သည်မှာ စစ်ရေးအင်အား ကွာဟခြင်းကြောင့်သာ မဟုတ်ဘဲ ထိုစဉ်က ကိုယ်စွမ်းဉာဏ်စွမ်း နိမ့်ကျ နေခြင်း၊ စီးပွားရေး ချွတ်ခြုံကျခြင်း၊ ပြည်တွင်း နိုင်ငံရေး မတည်ငြိမ် အချင်းချင်း စိတ်ဝမ်းကွဲနေခြင်း၊ နိုင်ငံတကာ ဆက်ဆံရေး အားနည်းခြင်း တို့ကြောင့်ဖြစ်ရာ မြန်မာများ အင်္ဂလိပ်တို့ လက်အောက် ကျရောက်ခဲ့ ခြင်းသည် မြန်မာ့အမျိုးသား လုံခြုံရေး၏ ကျယ်ပြန့်သော သဘာဝကို တွေ့မြင်ရန် အကောင်းဆုံး သာဓကဖြစ်သည်။

သဘာဝ ဘေးအန္တရာယ်များ သည်လည်း အမျိုးသားလုံခြုံရေး အန္တရာယ်များပင် ဖြစ်ရာ နာဂစ်မုန်တိုင်း တိုက် ခတ်အပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် လူတစ်သိန်းကျော် သေဆုံး ခဲ့ရခြင်း မြန်မာ့ စပါးကျီ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၏ စီးပွားရေး အထိနာခဲ့ခြင်း သည် စစ်ရေး မဟုတ်သော အမျိုးသား လုံ ခြုံရေး အန္တရာယ် သာဓကပင်ဖြစ်သည်။

ဆင်းရဲမွဲတေမှု မြင့်မားခြင်းကြောင့် ကဏ္ဍ များစွာတွင် လိုက်ပါဆုတ်ယုတ်ခြင်း၊ အထွေထွေ ကျန်းမာရေး ယိုယွင်းပြီး ရောဂါဆိုးများ ထူပြောခြင်း၊ ပညာရေး ယိမ်းယိုင်သောကြောင့် အသိပညာ ရေချိန် နိမ့်ကျခြင်း တို့ သည် လည်း အမျိုးသား လုံခြုံရေး ကိစ္စရပ်များပင် ဖြစ်သည်။ တိုင်းသူပြည် သား တို့၏ နိုင်ငံချစ်စိတ် ၊ နိုင် ငံရေး တည်ငြိမ်မှု၊ ဉာဏ်ပညာနှင့် ကျန်းမာရေး၊ စီးပွားရေး တောင့်တင်းခြင်း၊ ခေတ်မီသော မျိုးချစ် တပ်မတော်ရှိခြင်း၊ ထက်မြက်တက်ကြွသော သံခင်း တမန်ခင်း၊ သဘာဝ ဘေးအန္တရာယ် (natural disaster) နှင့် အကြမ်းဖက် ဝါဒကဲ့သို့ လူလုပ် ဘေးအန္တရာယ် (man-made disaster) ကို အမြန် တုံ့ ပြန်နိုင် စွမ်း တို့ ရှိမှ သာ အမျိုးသား လုံခြုံရေးကို အကောင်းဆုံး ဖော်ဆောင်နိုင် မည်ဖြစ်သည်။

အမျိုးသား လုံခြုံရေးကို တည်ဆောက်မည် ဆိုလျှင် အမျိုးသားလုံခြုံရေး ၏ ကျယ်ပြန့် နက်ရှိုင်းသော သဘောနှင့် မိမိနိုင်ငံ မိမိလူမျိုးအတွက် ပဓာန ကျသော အမျိုးသား လုံခြုံရေး အကြောင်းအရာများ ပါဝင် မှသာ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည် ဖြစ်ပြီး အစိုးရတွင် တာဝန် အရှိဆုံး ဖြစ်သော်လည်း ပြည်တွင်း တွင် မှီတင်း နေထိုင်ကြသော တိုင်းသူပြည်သား အားလုံးနှင့်ပါ တိုက်ရိုက် သက်ဆိုင် နေကြောင်းThe Voice Weekly က မီးမောင်းထိုး ပြလိုပါသည်။

အယ်ဒီတာ (၈.၁၁.၂ဝ၁၂)

The Voice Weekly

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: