ရင်းနှီးတဲ့လူတွေက အတန်တန် သတိပေးတဲ့ကြားက၊ အတန်တန် တားမြစ်တဲ့ကြားက
အမြင်မတော်တာတွေ့တိုင်း ဝေဖန်လိုက်ရမှ၊ ထောက်ပြလိုက်ရမှ နေသာထိုင်သာရှိတဲ့
စိတ်ကလေးကို အခုထိ မပြင်နိုင်သေးဘူး။ တစ်ခါတလေတော့လည်း ကိုယ့်ဘာသာကိုယ်
တွေးမိပါရဲ့။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ရှိနေတာတွေထက်
အမြင်မတော်တာတွေက ပိုများနေသလားလို့ပါ။ သူငယ်ချင်းတစ်ဦးကတော့ ဒဿနဆန်ဆန်
ပြောခဲ့ဖူးပါတယ်။ သဘာဝတရားကြီးဆိုတာ သူ့ဟာနဲ့သူ နေသားတကျ ရှိပြီးသား၊
အစီအစဉ်တကျ ရှိပြီးသားတဲ့။ အဲဒီလို ရှိနေတာတွေကို ကမောက်ကမတွေဖြစ်အောင်၊
တလွဲတချော်တွေဖြစ်အောင် လူတွေကပဲ လုပ်တာတဲ့။ သဘာဝအတိုင်း သူ့ဟာသူ ရှိနေရင်
ဘယ်အရာမှ အမြင်မတော်တာ မရှိဘူးတဲ့။ ကျွန်တော်က ခပ်ထုံထုံလူဆိုတော့
သူပြောတာတွေကို နားလည်တစ်ချက်၊ နားမလည်တစ်ချက်ပေါ့။
ထားပါလေ။ အခုတော့ ကိုယ့်ဘာသာကိုယ် သေသေချာချာ ဆန်းစစ်ပြီး အဖြေတစ်ခု တွေ့လိုက်သလိုပါပဲ။ ကျွန်တော်ဟာ အဆိုးမြင်သမားတစ်ဦး ဖြစ်မှန်းမသိ ဖြစ်နေတာကိုး။ လောကကြီးမှာ ကောင်းတဲ့အရာတွေ ဒီလောက် ပြည့်နှက်နေတဲ့ဟာကို မဖြစ်စလောက်ပဲရှိတဲ့ ကမောက်ကမတွေ၊ အမှားတွေ၊ အမြင်မတော်တာတွေကိုမှ အလုပ်တစ်ခုလုပ်ပြီး အရေးတယူ လုပ်နေမိတာကိုး။ ကြားဖူးတဲ့ ဇာတ်လမ်းတစ်ခုထဲကအတိုင်း ဆိုရင်တော့ စာရွက်ဖြူပေါ်မှာ မင်တစ်စက် ပေနေတာကိုသာမြင်ပြီး ကျန်တဲ့အစိတ်အပိုင်းတွေ အားလုံးဖြူနေတာကို လျစ်လျူရှုတတ်တဲ့ လူတစ်မျိုးဖြစ်မှာပေါ့။ အဲဒါကြောင့် အခုရေးမယ့်စာတွေဟာ စာရွက်တွေပေါ်က မင်စက်ကလေးတွေရဲ့ အကြောင်းသာဖြစ်ကြောင်း ဦးစွာပြောလိုပါတယ်။ မင်စက်တွေဟာ အရောင်အမျိုးမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အနီ၊ အနက်၊ အစိမ်း၊ အပြာ၊ စသည်ဖြင့်ပေါ့လေ။ ကဲ... ကျွန်တော် အဆိုးမြင်သမားကြီးရဲ့ အမြင်တွေကို ဖတ်ကြည့်ပေးကြပါဦးဗျာ။
ထားပါလေ။ အခုတော့ ကိုယ့်ဘာသာကိုယ် သေသေချာချာ ဆန်းစစ်ပြီး အဖြေတစ်ခု တွေ့လိုက်သလိုပါပဲ။ ကျွန်တော်ဟာ အဆိုးမြင်သမားတစ်ဦး ဖြစ်မှန်းမသိ ဖြစ်နေတာကိုး။ လောကကြီးမှာ ကောင်းတဲ့အရာတွေ ဒီလောက် ပြည့်နှက်နေတဲ့ဟာကို မဖြစ်စလောက်ပဲရှိတဲ့ ကမောက်ကမတွေ၊ အမှားတွေ၊ အမြင်မတော်တာတွေကိုမှ အလုပ်တစ်ခုလုပ်ပြီး အရေးတယူ လုပ်နေမိတာကိုး။ ကြားဖူးတဲ့ ဇာတ်လမ်းတစ်ခုထဲကအတိုင်း ဆိုရင်တော့ စာရွက်ဖြူပေါ်မှာ မင်တစ်စက် ပေနေတာကိုသာမြင်ပြီး ကျန်တဲ့အစိတ်အပိုင်းတွေ အားလုံးဖြူနေတာကို လျစ်လျူရှုတတ်တဲ့ လူတစ်မျိုးဖြစ်မှာပေါ့။ အဲဒါကြောင့် အခုရေးမယ့်စာတွေဟာ စာရွက်တွေပေါ်က မင်စက်ကလေးတွေရဲ့ အကြောင်းသာဖြစ်ကြောင်း ဦးစွာပြောလိုပါတယ်။ မင်စက်တွေဟာ အရောင်အမျိုးမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အနီ၊ အနက်၊ အစိမ်း၊ အပြာ၊ စသည်ဖြင့်ပေါ့လေ။ ကဲ... ကျွန်တော် အဆိုးမြင်သမားကြီးရဲ့ အမြင်တွေကို ဖတ်ကြည့်ပေးကြပါဦးဗျာ။
သမ္မတလောင်း၊ သမ္မတလောင်း၊ သမ္မတလောင်း
ခေါင်းစဉ်ကိုဖတ်ပြီး အမေရိကန်နိုင်ငံအကြောင်း ပြောတော့မယ်လို့
မမှတ်လိုက်ကြပါနဲ့ခင်ဗျ။ အိုဘားမားနဲ့ မစ်ရွန်းနေ စကားစစ်ထိုးတာ
သူတို့ကိစ္စပဲ၊ ကျွန်တော်တို့နဲ့ အနေသာကြီး။ အဲဒီအကြောင်းကို စကားထဲ
ထည့်ပြောမနေဘူး။ ကျွန်တော်ပြောချင်တာက ၂၀၁၅ ခုနှစ် ကိစ္စ၊ ၂၀၁၅ ခုနှစ် ကိစ္စ။
အခုမှ ၂၀၁၂ ခုနှစ်ပဲ ရှိသေးတယ်... ၂၀၁၅ ခုနှစ်မှာတော့
ဘယ်လိုတွေဖြစ်နိုင်တယ်၊ ဘယ်လိုဖြစ်သင့်တယ် စတဲ့စတဲ့ နိုင်ငံရေး
ခန့်မှန်းချက်တွေက လှိုင်လှိုင်ကြီးကို ထွက်နေကြပြီ။ မြန်မာ့နိုင်ငံရေးရဲ့
ပြောင်းလဲတိုးတက်မှုတစ်ခုလို့ မြင်မိပါတယ်။ ဒါပေမယ့် ကျေးဇူးရှင်
ကိုရွှေမီဒီယာတွေရဲ့ နှပ်ကြောင်းပေးတာ၊ မြောင်းသွယ်တာတွေက အံ့သြစရာ
ကောင်းလောက်တယ်။ ၂၀၁၅ ခုနှစ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး။
အနာဂတ်ဆိုတာ ဘယ်သူမှ မပိုင်ဘူးလေ။ ဒါပေမယ့် ဂျာနယ်စာမျက်နှာတွေထက်မှာတော့
အမိန့်ကြော်ငြာစာ မထွက်သေးတာကလွဲရင် ၂၀၁၅ ခုနှစ်အတွက် အစိုးရက
ဖွဲ့ပြီးသလောက် ဖြစ်နေပြီ။ သူတို့လိုချင်တဲ့ အစိုးရဖြစ်ဖို့အရေး
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကိုတောင် ပြင်သင့်သလေး၊ ဘာလေးနဲ့
နှပ်ကြောင်းတွေ ပေးနေလိုက်ကြတာများ ရယ်တောင်ရယ်ချင်သေးတော့တယ်။ ပထမအချက်၊
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလုပ်မလားတို့၊ သမ္မတဖြစ်နိုင်တယ်တို့ဆိုတာ
မီဒီယာတွေရဲ့ ဖွလုံး၊ ဆွလုံး၊ ထွင်လုံး၊ ဂွင်လုံးတွေပါ။ အမှန်တရားကို
မျက်မှောက်ပြုမယ်ဆိုရင် အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ မကိုက်ညီသေးပါဘူး။
အလို... ကျွန်တော်က ဒီလိုရေးတာကို ဖတ်ရတော့ ခင်ဗျားက ဘယ်လိုဖြစ်ပြီး
စိတ်တွေတိုနေရတာတုန်း။ အခုလို ပြောနေတယ်ဆိုတာ ကျွန်တော့်ဘာသာ ပြောချင်ရာကို
ရမ်းသန်းပြောနေတာ မဟုတ်ဘူးဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အလိုတော်အတိုင်း
ပြောနေတာလေ။ ခင်ဗျားတို့ပဲ Rule of the Law ဆိုတဲ့စကားကို
အမြင်ကတ်လောက်အောင် ပြောခဲ့ကြတာမဟုတ်လား။ အခုတော့ ကျွန်တော်တို့နိုင်ငံရဲ့
အထွတ်အထိပ်ဥပဒေကို ဟိုပြောဒီပြော ပြောချင်နေပြီလား။
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူးလေ။ (ကျွန်တော်ပြောတာ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးတော့ မကြားစေနဲ့ပေါ့ဗျာ) သူ့ကိုတော့
သားသားကြောက်ကြောက်၊ သူက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးတစ်ခုလုံးကိုတောင် မြောင်းထဲပို့ပစ်နိုင်စွမ်းရှိတဲ့လူလေ။
သားသားပြောတဲ့အထဲမှာ သူမပါဘူး။ :D ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ထိုက်သလား
ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်း
ပြောရရင် လုံးဝကို သဘောမတူပါဘူး။ အဲဒီလိုပြောတော့ ကျွန်တော်သဘောမတူတာနဲ့ပဲ
ကြီးတော်စုက သမ္မတ မဖြစ်တော့သလိုလို ဖြစ်ဦးမယ်။ ကျွန်တော်က သဘောတူလည်း
ကြီးတော်စုက သမ္မတ မဖြစ်နိုင်သေးဘူးဗျ။ ဂျာနယ်တွေက ဒီလောက် ဟောကိန်းတွေ၊
ဆွယ်ကိန်းတွေ လုပ်နေတဲ့အချိန်မှာ ကျွန်တော်လည်း ဘယ်နောက်ကျန်ခဲ့လို့
ဖြစ်မလဲဗျ။ ကျွန်တော့်ရဲ့ ရှေ့ဖြစ်အဟောကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဗျ။ မှန်မမှန်တော့ အခု
မငြင်းပါနဲ့ဗျာ။ စောင့်ကြည့်ကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်တဲ့နေ့ကျရင် ကျွန်တော်ကိုဉာဏ်ရဲ့ နိုင်ငံရေးခန့်မှန်းချက်ဟာ
တက်တက်စင် လွဲခဲ့ပါတယ်လို့ ပြန်ပြီးတော့ ၀န်ခံရေးသားပါ့မယ်ဗျာ။ အခုတော့
ဆောရီးပဲ။ သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုကလက်ခံရင် သမ္မတအဖြစ်
လက်ခံသွားမယ်ဆိုတဲ့ စကားကိုလည်း ရယ်ချင်တယ်ဗျ။ အိုး.... ရယ်ချင်တယ်ဆိုတာ
သမ္မတကြီးကို ပြောတာမဟုတ်ဘူး။ အဲဒီစကားအပေါ်မှာ Feeling တက်နေတဲ့လူတွေကို
ပြောတာပါဗျာ။ သမ္မတကြီးက နိုင်ငံရေးသမားလေဗျာ။ နိုင်ငံရေးသမားဆိုတာ
နိုင်ငံရေးစကားပဲ ပြောရမှာပေါ့။ ဒီလောက်တော့ ကျွန်တော်တို့တွေ
နားလည်ထားသင့်တယ်။ အဲဒီလောက်မှ နားမလည်ရင်တော့ ရှင်ကြီးဝမ်းလည်း
ဝင်ခဲ့ဖူးတယ်၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးတယ်ဆိုပြီး မီဒီယာတွေရဲ့
မြှောက်လုံး၊ ပင့်လုံးတွေကြားမှာ ကျွန်တော်တို့ ပြည်သူတွေဟာ
အောက်ခြေတွေလွတ်ပြီး အတွေးမှား၊ အပြောမှား၊ အလုပ်မှားတွေ ဖြစ်နေကြဦးမှာပဲ။
ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း အောက်ကလူတွေ၊ ဘေးကလူတွေရဲ့ စကားဒဏ်ကို
အတော်ကြီး ခံလိုက်ရရှာတယ် ထင်ပါရဲ့။ သူ့ဟာသူ နိုင်ငံခြားက ပြန်လာတဲ့ခရီးစဉ်
ရှင်းလင်းပွဲမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက်
သမ္မတလုပ်ရဲတဲ့ သတ္တိရှိပါတယ်လို့ ပြောရတဲ့အထိ ဖြစ်သွားရတယ်။
ကျွန်တော့်အမြင်ကတော့ ဒေါ်စုကလည်း ရိုးရိုးလေး ပြောတာပါပဲ။ သူ့မှာ
လုပ်မယ်ဆိုရင် လုပ်ရဲတဲ့သတ္တိ ရှိတယ်လို့ ပြောတာပဲလေ။ ဒါကိုများ ဘာဖြစ်လို့
အဲဒီလောက် သည်းသည်းလှုပ် ဖြစ်နေရသလဲဆိုတာ ကျွန်တော်ဖြင့်
နားကိုမလည်နိုင်ဘူး။ ကျွန်တော်ကိုဉာဏ်လည်း သမ္မတလုပ်ရဲတဲ့သတ္တိ ရှိပါတယ်ဗျ။
အခုတော့ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း ဒေါ်စုလိုပဲ
အခုအချိန်မှာ သမ္မတအရည်အချင်းနဲ့ မကိုက်ညီသေးဘူးဗျ။ ကျွန်တော်ကတော့
အသက်ကန့်သတ်ချက် အရည်အချင်းနဲ့ မကိုက်ညီတာပါဗျာ။ :D ဒါပေမယ့် အခုအချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်ရော၊ ကျွန်တော်ရော သမ္မတမဖြစ်နိုင်တာချင်း အတူတူပဲဗျ။
ကျုပ်ရေးတာတွေဖတ်ပြီး စိတ်တွေတို၊ အပြစ်တွေတင်မနေနဲ့ဦး။ မှိုတက်လို့
အမှိုက်ပုံထဲကိုရောက်နေတဲ့ ကိတ်မုန့်နဲ့ ပေါင်မုန့်မှာ ဘယ်သူကများ ပိုပြီး
အဖိုးတန်နေသေးသလဲဗျာ။ :D သဘောကိုပြောတာပါနော်။ သမ္မတကြီး ဦးသိန်းစိန်ကလည်း
ပြည်သူတွေက လက်ခံရင် နောက်တစ်ဆက် သမ္မတအဖြစ် ဆက်လုပ်ပါ့မယ်လို့ ပြောတာကလည်း
သိပ်ကို ပညာပါတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်နားမလည်တာက အဲဒီစကားကို
ဘာသာပြန်တဲ့လူတွေကိုပါ။ မြန်မာလို ပြောတဲ့ဟာကို မြန်မာတွေက နားလည်ပုံဟာ
အတော်ကြီးကို စိတ်ဝင်စားစရာကောင်းတယ်။ အစကတော့ အဆိုးမြင်သမားဟာ
ကျွန်တော်တစ်ယောက်တည်းလို့ အောက်မေ့နေတာ။ အခုမှပဲ ကျွန်တော့်လို
အဆိုးမြင်သမားတွေ ဒုနဲ့ဒေး ရှိသေးမှန်း သိရတော့တယ်။ သမ္မတကြီးကို
ဝေဖန်လိုက်ကြတာများ သောသောကိုညံနေတာပဲ။ ပြည်တွင်းမီဒီယာတွေရော၊
ပြည်ပမီဒီယာတွေရောပေါ့။ ကျုပ်ဖြင့် ရယ်လိုက်ရတာ အမောပါပဲ။ လက်ရှိသမ္မတကြီးက
အဲဒီလိုပြောတော့ သမ္မတကို လူထုက တိုက်ရိုက်ရွေးရာမဟုတ်ဘူးတို့၊ အဲဒီလို
ပြောတဲ့စကားဟာ အဓိပ္ပါယ်မရှိဘူးတို့၊ ပြောတတ်လိုက်ကြတာဗျာ။ ခင်ဗျားတို့ဟာက
ကြည့်လည်းလုပ်ကြပါဦးဗျ၊ ဦးသိန်းစိန်ကိုကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့
ဇလုတ်တိုက်တယ်၊ ဒေါ်စုကျတော့ ဖွဲ့စည်းပုံကိုတောင် ပြင်ပေးဦးမတဲ့။
ဟားဟားဟား၊ အတော်နောက်တဲ့လူတွေ။ သေချာတာကတော့ အခုအချိန်မှာ ဦးသိန်းစိန်သည်
နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ်၊ ဒါပါပဲဗျာ။
သြော်... မေ့သွားလို့ဗျ၊ ကျုပ်တို့ မြန်မာမီဒီယာတွေ ရေးနေကျအတိုင်း
ရေးမှပြောမှဖြစ်မယ်။ ဘာတဲ့၊ ဒေါ်အောင်ဆန်းစုကြည်သည်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဆိုလား။
ထားပါတော့ဗျာ။ ပြောချင်တာကို ဆက်ရအောင်ပါ။ ဦးသိန်းစိန်ပြောတဲ့ ပြည်သူလူထုက
လက်ခံရင် သမ္မတအဖြစ် ဆက်လုပ်ပါ့မယ်ဆိုတာ အဲဒါ အမှန်ပဲလေ။ လူထုက
တိုက်ရိုက်ရွေးချယ်တာ မဟုတ်ပါဘူးတို့၊ ဘာတို့ညာတို့ ပြောနေတဲ့လူတွေရဲ့
စကားကို နားယောင်မနေပါနဲ့ဗျာ။ ကျွန်တော်ကိုဉာဏ်က အဲဒီစကားဟာ
အမှန်ဖြစ်ကြောင်း သက်သေပြမယ်။ ဒီနေရာမှာ အဲဒီစကားကို ရှင်းပြရင်းနဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကိုလည်း ရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။
နှစ်ခုလုံးက ဆက်စပ်နေတာမို့ပါ။ တစ်နည်းပြောရရင် သမ္မတကြီးရော၊ ဒေါ်စုရောဟာ
နိုင်ငံရေးသမားပါး ၀ကြတယ်လို့ ပြောနိုင်တာမို့ပါ။ ဒီလိုဗျ၊ သမ္မတကို
မြန်မာပြည်သူလူထုက တိုက်ရိုက်မရွေးချယ်နိုင်ဘူး။ အဲဒါမှန်တယ်၊ ထားလိုက်။
ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေက ကိုယ်စားလှယ်တွေ
ရွေးချယ်ပေးရဖို့ရှိတယ်။ ကိုယ့်မြို့နယ်အတွက်၊ ကိုယ့်ဒေသအတွက်
ကိုယ်စားလှယ်ကို ရွေးချယ်ပေးရမှာဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ တာဝန်ပဲ။
ရွေးကောက်ပွဲမှာ ကိုယ်သဘောကျတဲ့လူကို မဲပေးရမယ်ပေါ့ဗျာ။ တစ်ချို့က
လူကိုကြည့်ပြီး မဲပေးကြလိမ့်မယ်။ တစ်ချို့က ပါတီကိုကြည့်ပြီး
မဲပေးကြလိမ့်မယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နိုင်တာ
အဲဒီနှစ်မျိုးပဲရှိတယ်။ အဲဒီနှစ်မျိုးထဲမှာပဲ လက်ရှိအချိန်အထိ
အားကောင်းကောင်းနဲ့ လွှမ်းမိုးနေဦးမှာက ပါတီကို မဲပေးခြင်းပဲ။
ကိုယ်စားလှယ်က ဘယ်သူလဲ၊ ဘယ်ကလာသလဲ၊ ဘယ်လိုရှိသလဲ ဆိုတာကိုမကြည့်ဘဲ
ဘယ်ပါတီကို ကိုယ်စားပြုသလဲဆိုတဲ့ အမြင်တွေနဲ့ မဲပေးကြဦးမယ်။ အဲဒီတော့
မဲအများဆုံးရတဲ့ ပါတီဟာ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်အများဆုံး
ဖြစ်မယ်လေ။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ဟာ ဒုတိယသမ္မတ
တစ်ဦးစီကို ရွေးပေးရမယ်။ လွှတ်တော်နှစ်ရပ်မှာ ရှိနေတဲ့ ကိုယ်စားလှယ်တွေဟာ
သူတို့သဘောကျတဲ့လူကို ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်ကြမှာပါပဲ။
အဲဒီအထဲကမှ ဒီမိုကရေစီ ထုံးစံအတိုင်း လွှတ်တော်တစ်ရပ်စီအတွက်
ဒုတိယသမ္မတလောင်း တစ်ဦးကို မဲအနည်းအများနဲ့ ဆုံးဖြတ်ပေးလိမ့်မယ်။
အများစုအနိုင်ရထားတဲ့ ပါတီဟာ မဲအများဆုံးဖြစ်မှာ သင်္ချာသဘောအရ
အားလုံးသိပြီးသားပဲ။ အဲဒီတော့ အများစုအနိုင်ရတဲ့ ပါတီက တင်တဲ့လူဟာ
လွှတ်တော်တစ်ရပ်စီရဲ့ ဒုတိယသမ္မတလောင်းတွေ ဖြစ်လာမှာပဲ။
လွှတ်တော်နှစ်ရပ်ကတင်တဲ့ ဒုတိယသမ္မလောင်းတွေရယ်၊ တပ်မတော်သားကိုယ်စားလှယ်
အစုအဖွဲ့ကတင်တဲ့ ဒုတိယသမ္မတလောင်းရယ်၊ အဲဒီ သုံးဦးထဲကမှ တစ်ဦးကို
သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်မယ်။ ရွေးချယ်မယ်ဆိုတာ
မဲအနည်းအများနဲ့ ဆုံးဖြတ်မယ်ပေါ့ဗျာ။ အဲဒီတော့ ဘယ်သူအနိုင်ရမလဲဆိုတာ
စဉ်းစားကြည့်ပေါ့။ ပါတီတွေကလည်း ဒုတိယသမ္မတလောင်း တင်တဲ့အခါ သူတို့ပါတီရဲ့
ခေါင်းဆောင်ကိုပဲ တင်ကြမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နေတာ
မြန်မာပြည်လေဗျာ၊ အမေရိကန်ပြည်ထောင်စုမှ မဟုတ်တာပဲ။ မဟုတ်ဘူးလား။
ကျွန်တော်နားလည်သလို ပုံဆွဲထားတာကို အောက်မှာကြည့်နိုင်ပါတယ်။
သြော်... တစ်ခုသိထားဖို့ ရှိတာကတော့ မဲအများစု အနိုင်ရတယ် ဆိုပေမယ့်လည်း
ကိုယ်တွေ ရွေးချယ်ပေးတဲ့ ဒုတိယသမ္မတလောင်းတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၅၉ နဲ့ ညီညွတ်ဖို့လည်း လိုသေးတယ်ဗျ။ အဲလိုမှ မဟုတ်ရင်တော့ ...........။
ကျွန်တော့်အမြင်ကတော့ သမ္မတ၊ ဒုတိယသမ္မတွေအတွက် သတ်မှတ်အရည်အချင်းထဲမှာ
ထောက်ပြစရာ ဘာမျှမတွေ့မိပါဘူး။ ကိုယ့်နိုင်ငံရဲ့ အကြီးအကဲအဖြစ်
တာဝန်ထမ်းဆောင်မယ့် လူတစ်ယောက်ကို အရည်အချင်းလေး ၇ ချက်နဲ့ပဲ
ကန့်သတ်ထားတာကိုတောင် မကျေမနပ် ဖြစ်မိသေးတော့တယ်။ တကယ်ဆိုရင်
နိုင်ငံတစ်ခုကို ဦးဆောင်မယ့်လူဟာ ဒီထက်ပိုပြီး အရည်အချင်း
ပြည့်သင့်တယ်လို့ ထင်မိတာပါပဲ။ ဥပမာအားဖြင့် ပညာအရည်အချင်း ကန့်သတ်ချက်
ထည့်တာမျိုးပေါ့။ ပညာခေတ်ပါလို့ တဖွဖွ ပြောနေကြပေမယ့်လည်း အဲဒါကို
သိပ်ပြီးတော့ အလေးအနက်ထားပုံ မရကြသေးပါဘူး။ ဒေါ်စုကလည်း သူ့ကို
ကန့်သတ်ထားတယ်ဆိုတဲ့ စိတ်ခံစားချက်ကိုပဲ ဦးစားပေးနေတယ် ထင်ပါရဲ့။
အခြားအချက်တွေ ပြင်ဖို့ကိုတော့ တစ်ခုမှကို ပြောတာမတွေ့မိဘူး။ ပုဒ်မ ၅၉ (စ)
ကိုပဲ ပြင်ဖို့လုပ်နေတာ တွေ့ရတယ်။ ပြောကို မပြောချင်တော့ဘူး။
ကျွန်တော်ကိုဉာဏ်ကတော့ ပုဒ်မ ၅၉ (ဂ) ကို ပြင်ရမယ်လို့ တစ်ခါမျှ
ပြောဆိုဖူးခြင်း မရှိပါခင်ဗျ။ ဒီအချက်ဟာ လူငယ်တွေကို ကန့်သတ်ထားတာ၊
ခွဲခြားထားတာပဲလို့လည်း တစ်ခါမျှ အပြစ်မမြင်ခဲ့ဖူးပါ၊ တစ်ခါမျှလည်း
မကောင်းမပြောခဲ့ဖူးပါ။ ကဲ.... သမ္မတလုပ်ရဲတဲ့ လူချင်းအတူတူ
ကျွန်တော်နဲ့ဒေါ်စုက အဲဒီလို ကွာတယ်ဗျ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၄ နာရီ ၂၀ မိနစ်တွင်ပြီး၏။
စာကြွင်း။ ကျွန်တော်ရေးတဲ့စာတွေကိုဖတ်ပြီး ကျွန်တော့်ကို တစ်မျိုး
မထင်ကြပါနဲ့ဦးဗျာ။ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးသူ
မဟုတ်သလို၊ ဦးသိန်းစိန်လုပ်သမျှကို မှန်ပါတယ်လို့ ခေါင်းညိတ်နေတဲ့လူလည်း
မဟုတ်ပါဘူး။ ကျွန်တော်မြင်သမျှ၊ တွေးမိသမျှကို အရင်းအတိုင်း
ပြန်လည်ရင်ဖွင့်ခြင်းလို့ နားလည်ပေးကြပါကုန်။ နားမလည်လျှင်လည်း လွတ်လပ်စွာ
ဆဲနိုင်၊ ဝေဖန်နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့နိုင်ငံကို
လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက် ကျွန်တော်လည်း သူ့ကို
ချစ်ပါတယ်ဗျာ၊ ခင်ဗျားတို့လောက်တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ :D
မူရင်း လင့် ...
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။