Pages

Thursday, October 25, 2012

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ၏ မှက်သားဖွယ်ရာ စကား (၇) ချက်

အလောင်းမင်း တရားကြီး ဦးအောင်ဇေယျ သည် တောက်မည့်မီးခဲ တရဲရဲဆိုသည့် စကားပုံအလား … လူလားမြောက်စကပင် ၎င်း၏စွမ်းရည် သတ္တိထူးတို့ကြောင့် လူရွယ် လူလတ်ဖြစ်သော မုဆိုးအပေါင်းတို့၏ အကြီးအမှူးအဖြစ်နှင့်တည်ရှိရလေသဖြင့် မုဆိုးဖိုရွာမကြီးတွင် မုဆိုးဗိုလ်ဟု အမည်တွင်လေ၏။ ၎င်းအား သူ၏ဆရာကျော်က အကြံအစည်ကြီးကို ကြံစည်သော သူတို့သည် ထမြောက်အောင်မြင်၍ ကောင်းစားခြင်းမပြုမီ အိမ်ထောင်ပြုက၊ မိမိအကြံသည် မိမိအား ဆင်းရဲပင်ပန်းစေမည့် ကိန်းခန်းယတြာကို ပြုမှားသည်ကဲ့သို့ ဖြစ်ပေလိမ့်မည် ဟု ဆိုဆုံးမသည့်အတိုင်း နာယူ၍ ဆောင်ရွက်လိုပါသော်လည်း မိဘတို့နှင့် ရပ်ရွာ ဆွေမျိုးလူကြီးသူမတို့၏ စကားကို မလွန်ဆန်နိုင်သဖြင့် ငယ်ငယ်ရွယ်ရွယ်ကပင် အိမ်ထောင့်ရှင် ဘဝနှင့် ကြုံကြိုက်ရလေ၏။ ထိုကဲ့သို့ အိမ်ထောင့်ရှင်ဖြစ်လာသောအခါ ပရိသတ်တို့ အလယ်တွင် ထင်ထင်ရှားရှား အသက်အရွယ်ပင် ငယ်သေးသော်လည်း လူကြီးအဖြစ်နှင့် ပါဝင်ဆောင်ရွက်ရသဖြင့် သင်္ဂဟတရား၊ နာယကဂုဏ်တို့နှင့် ညီညွတ်စွာ ပြုကျင့်နေထိုင်ပြီး၊ အရပ်ခြောက်မျက်နှာကိုလည်း ရှိခိုးလေ့ပြုခြင်း၊ ဆင်းရဲသားတို့ကို များစွာကူညီစောင်မလေသောကြောင့် ထက်ဝန်းကျင် ကျေးရွာတို့ ၌၎င်း၏ သတင်းကျော်ကြားလာပြီး ဆင်းရဲနွမ်းပါးသော ရွာနီးခြောက်စပ်မှ လူအပေါင်းတို့သည် တစ်စ တစ်စခိုဝင်လာကြသောကြောင့် မုဆိုးဖိုရွာမကြီးဟု အထင်အရှာဖြစ်ထွန်းလာခဲ့လေသည်။

ဗိုလ်အောင်ဇေယျသည် အစွမ်းသုံးပါးကို သိတတ်သောသူဖြစ်သည်အတိုင်း ကျေးရွာသားတို့၏ စီးပွားဥစ္စာကြွယ်ဝကုံလုံအောင် အကြံပေးခြင်း၊ မျိုးရိက္ခာတို့ကို မကုန်တန်ဘဲနှင့် မကုန်ကျရလေအောင် ဆုံးမတားမြစ်ခြင်းတို့ကိုလည်း ပြုသဖြင့် မုဆိုးဖိုရွာမကြီးသည် တစ်နှစ်ထက်တစ်နှစ် အလွန် စည်ပင်သာယာဝပြောလာသော ရွာကြီးတစ်ရွာဖြစ်လာလေသည်။ ပရိသတ် လူစုလူဝေးတို့၌ ဗိုလ်အောင်ဇေယျ ဟောပြောလေ့ရှိသော စကားကြီး ၇ ရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။ ထိုစကားကြီးတို့ကို သင့်ရာ သင့်ရတိုင်းတွင် ထည့်သွင်းဟောပြောလေ့ရှိသည်။

၁။ မိန်းမတို့မှာ ရက်ကန်း ဗိုင်းဝါတို့ကို မတတ်လျှင် အကျိုးနှင့်တူ၏ (ယခုခေတ် စကားအရဆိုပါမူ … အချုပ်အလုပ်အိမ်မှူ့ကိစ္စ မကျွမ်းကျင် မနိုင်နင်းသော မိန်းမကိုဆိုရမည်ဖြစ်သည်)

၂။အိမ်ထောင်မှု ဝတ္တရား ကို ကျေပွန်စွာ မဆောင်ရွက်၍ ကြေးငွေကို မစုဆောင်း မသိုမှီးတတ်လျှင် အမျိုးပိုးစားနေသော စုံးကဝေမနှင့်တူသည့် အိမ်ရှင်မဖြစ်၏။

၃။ ယောက်ျားတို့မှာ ကာယဗလမဲ့၍ တတ်အပ်သော အတတ်တို့ကို မတတ်လျှင် လူကျိုးလူကန်းမျှသာတည်း။

၎။အိမ်ထောင်မှု မကျေပွန်သော ယောက်ျားသည် အမျိုးကို သတ်နေသော သူသတ်သမားဖြစ်၏။

၅။လူသည် တရား၏ အုပ်ချုပ်ခြင်းကို မခံရဘဲ၊ လူ၏အုပ်ချုပ်ခြင်းကိုသာ ခံနေရလျှင် မည်သည့်အခါမျှ အေးချမ်းသာယာခြင်းကို ရနိုင်မည် မဟုတ်။

၆။အချင်းချင်း ပဋိပက္ခဖြစ်မှုသည် အမျိုးကို ပျက်စီးအောင် ကျိန်ဆဲခြင်းပင်ဖြစ်၏။ ထို့ကြောင့် အမျိုးသားကို ကွဲအောင်ရန်တိုက်နေသော သူသည် အမျိုးကောင်းစားရေး နတ်သုဒ္ဓါတွင် အဆိုးဆုံးသော အဆိပ်ကြီးဖြစ်လေ၏။

၇။ဘုရင်မင်းမြတ်သည် နန်းတော်ထဲ၌ ငြိမ်းချမ်းစွာ စံနေတော်မူ၍ မင်းမှူထမ်းတို့သည် ပြည်သူတို့ကို နှိပ်စက်နေသဖြင့် ထိုနှိပ်စက်ခြင်းကို ညီညီဖျဖျ မခုခံ လျှင် ဘုရင့် အာဏာတော်ကို စောင့်သိရိုသေ သူမဖြစ်နိုင်။

(မှတ်ချက်။ ။ အထက်ပါ စကားရပ်ကြီးများကို မူရင်းစာအုပ်ထဲမှ အတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်၍ ယခုခေတ်ကာလ အခေါ်အဝေါ် အသုံးအစွဲများ နှင့် ကွဲလွဲနိုင်ပါသည်။ သို့သော်လည်း အဓိပ္ဗါယ်ဆိုလိုရင်းမှာ ယခုတိုင် အသုံးဝင်နေဆဲဖြစ်သည်ဟု ယုံကြည်မိသည့်အလျေက် ပြန်လည်မျှ ဝေပေးခြင်းဖြစ်ပါသည်။)

မူရင်း- အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ (စစ်ကိုင်း ဦးဘိုးသင်း)

From : မုဆိုးဗိုလ် ရွာသား

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: