26.12.2012မြန်မာနိုင်ငံတွင် ၁၅ နှစ်အတွင်း အိမ်ခန်းပေါင်း တစ်သန်းတည်ဆောက်ရန် အစီအစဉ်တစ်ရပ် ချမှတ်ထားကြောင်းနှင့် လာမည့် ငါးနှစ်အတွင်း အိမ်ခန်းပေါင်း ၃၅၀၀၀၀ အား စတင်တည်ဆောက်ရန် လျာထားကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အထိ စီမံကိန်း ရေးဆွဲထားခြင်း ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ပထမ ငါးနှစ်ကာလတွင် အိမ် ၃၅၀၀၀၀ အကောင်အထည် ဖော်မည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ဒုတိယငါးနှစ်တွင် ၃၅၀၀၀၀ အားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အထိ တတိယငါးနှစ်တွင် ၃၅၀၀၀၀ အားလည်းကောင်း အကောင်အထည် ဖော်သွားရန်အတွက် စီစဉ်ထားကြောင်း သိရသည်။
မြန်မာ နိုင်ငံတွင် ၁၉၈၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ နှစ်ပေါင်း ၂၃ နှစ် ကာလအတွင်း အိမ်ပေါင်း ၂၄၀၅၉၄ ကိုသာ တည်ဆောက် အကောင်အထည် ဖော်ခဲ့ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ တွင် မြို့ပြ၌ နေထိုင်သူမှာ ၃၂ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်ဟု သုံးသပ်ထားကြောင်း၊ ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး လူဦးရေ၏ ၁၀ ရာခိုင်နှုန်း (ခြောက်သန်း) နေထိုင်ကြောင်း အမျိုးသားမြို့ပြဖွံ့ဖြိုးမှု မူဝါဒနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော မြို့ပြကွန်ရက်စနစ် အလုပ်ရုံ ဆွေးနွေးပွဲမှ သိရှိရပါသည်။ မြန်မာနိုင်ငံတွင် မြို့သစ်တည်ဆောက်မှု၊ တန်ဖိုးနည်းအိမ်ရာ ခုနစ်ခု တည်ဆောက်ပြီးခဲ့သည်မှာ နှစ်ပေါင်း ၁၅ နှစ် ကျော်လွန်ခဲ့ပြီ ဖြစ်သည့်အတွက် ယခုအခါ အိမ်ရာ လိုအပ်ချက် မြင့်တက်လျက် ရှိနေကြောင်းလည်း သိရသည်။
ရန်ကုန်မြို့သည် မူလရှိပြီး လူဦးရေအပြင် မြန်မာနိုင်ငံ ဒေသအသီးသီး မှ ပြောင်းရွှေ့ အခြေစိုက်သူများ များပြား လာမှု နှင့်အတူ အိမ်ရာ လိုအပ်ချက် များပြား လာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ၂၀၁၁ ခုနှစ်အထိ ၁၁ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ အိမ်ရာကဏ္ဍအတွက် ငွေသုံးစွဲမှု တွင် ယခင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကသာ အများဆုံး အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ၏ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် အိမ်ရာစီမံကိန်းများ ချမှတ်ရာ၌ ၀င်ငွေများအုပ်စု၊ ၀င်ငွေအလယ်အလတ် အုပ်စု၊ ၀င်ငွေနည်းအုပ်စု၊ ဆင်းရဲနွမ်းပါးအုပ်စုနှင့် အိမ်ရာမဲ့ အုပ်စုဟူ၍ အုပ်စုများ ခွဲကာ အုပ်စုအားလုံး အတွက် ရှေ့ပြေး အိမ်ရာ စီမံကိန်းများ ရေးဆွဲ လုပ်ကိုင်နိုင်ရန် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
လူတိုင်း အိမ်ရာပိုင်ဆိုင်ခွင့် ရရှိစေမည့် အစီအစဉ်အရ ၁၅ နှစ်အတွင်း အိမ်ခန်းယူနစ်ပေါင်း တစ်သန်း တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ပြီး အိမ်ရာချေးငွေစနစ်၊ အရစ်ကျစနစ်များ ထူထောင်နိုင်ရန်လည်း ဆွေးနွေးလျက်ရှိကြောင်းသိရှိရသည်။
ထင်အောင်ကျော်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။