Pages

Wednesday, October 24, 2012

ကချင် ပြည်နယ် နေ ပြည်သူများမှ တပ်မတော် သို့ ပန်ကြားချက်

အောက်တိုဘာ ၂၄ ၊ ၂၀၁၂

ကျွန်တော်ဟာ ကချင်ပြည်နယ် မှာမွေး၊ ကချင်ပြည်နယ်မှာပဲကြီးပြင်းလာတဲ့ ကချင် တိုင်းရင်းသား တစ်ယောက်ပါ။ ကချင်ပြည်နယ် မှာ အေးအေးချမ်းချမ်းနဲ့ နေထိုင်ခဲ့ရတဲ့ အချိန်တွေ ကျော်လွန်ခဲ့ပြီးတဲ့နောက် လက်နက်ကြီးသံ၊ လက်နက်ငယ်သံ၊ မိုင်းသံတွေကြားမှာ  ပြည်သူတွေဟာ ကျီးလန့်စာစားဘဝကိုရောက်နေ ရပါပြီ။ KIA ထဲမှာ ကျွန်တော့ဆွေမျိုးရင်း ချာ တချို့ရှိသလို စစ်တပ်ထဲမှာလဲ ကျွန်တော့်မိတ်ဆွေတွေ ရှိပါတယ်။ မြန်မာ-တရုတ်နယ်စပ်က စစ်ရေးလေ့လာသူ တွေထဲမှာလည်း ရင်းနှီး သူတွေမနည်း ပါဘူး။ အခြေအနေ အရပ်ရပ်ကို သိရှိနေသူတစ်ဦးအတွက် ကချင်ပြည်နယ်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရဖို့ ကျွန်တော့်အမြင်ကို ရှင်းရှင်းလင်းလင်း ရေး သားချင်ပါတယ်။ တစ်ဆက်တည်း ကချင်ပြည်နယ်က ပြည်သူတွေအားလုံးရဲ့ ကိုယ်စား စစ်တပ်ကိုလည်း ပန်ကြားချင်တယ်။    

အခုနောက်ဆုံးကြား ရတဲ့သတင်း အရ အစိုးရနဲ့ KIA တို့ ပဏာမဆွေးနွေး တာတွေ ပြန်လုပ်နေပါပြီ။ အဲဒီကတစ်ဆင့် နှစ်ဖက်တာဝန်ရှိသူတွေ ဆက်တွေ့သွား ဖို့ရှိတယ် လို့သိရတယ်။ ဒါဟာ KIA တွေအတွက် နောက်ဆုံး အခွင့်အရေးပါပဲ။ ဒီအခွင့်အရေး ကိုအသုံးချပြီး ငြိမ်းချမ်းရေး အတွက် မလုပ်ဆောင်ဘဲ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေနဲ့သာ သံသရာလည်နေအုံး မယ်ဆိုရင်တော့ဖြင့် KIA  ရဲ့ဘဝနေဝင်ချိန်ကို ရောက်ပါ လိမ့်မယ်။ ဘာလို့ဒီလိုပြောရသလဲ… အကြောင်းအရင်း တွေရှိနေပါတယ်။

KIA။

ကိုယ့်လူမျိုးအချင်းချင်း ရက်ရက်စက်စက်သတ်တယ်။ ပြည်နယ်ထဲက ရသမျှအဖိုးတန် သယံဇာတတွေထုတ်ယူတယ်၊ ထုခွဲရောင်းချပြီး စစ်အသုံးစရိတ်လုပ်တယ်။ အကျအဆုံးတွေများတော့ မဲမဲမြင်သမျှလူ အကုန်စုတယ်။ အရွယ်မရောက်သေးသူတွေကအစ၊ အမျိုးသမီးကြီးငယ်တွေအဆုံး လင်ရှိမယားပါမချန် KIA ရဲ့ မတော်မတရားအကျင့်ခံရတယ်။ အလုပ်အကိုင်တွေအကုန်ပျက်ပြီး စစ်ရဲ့အနိဋ္ဌာရုံ တွေကို ကချင်ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားတွေ အလူးအလိမ့်ခံကြရတယ်။ တံတားတွေ အဆောက်အဦ တွေလဲ အကောင်းမကျန်တော့ဘူး။ လျှပ်စစ်မီးလည်းမရှိတော့ဘူး၊ ရွာရှိရက်နဲ့ ရွာမှာမနေနိုင်ဘဲ အကုန်လုံး တောထဲရောက်ကုန်ကြရပြီ။ KIAကြောင့် ထိခိုက်သေဆုံးကြရ၊ ဘဝပျက်ရ၊ မိတကွဲ ဖတကွဲဖြစ်ရ၊ မြေဇာပင်ဖြစ်ရ။ ဒီလိုဒုက္ခတွေအတွက်  KIA ကို ကချင်ပြည်သူတွေက လုံးဝခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကချင်လူမျိုးချင်းဆိုပေမယ့် ကချင်ပြည်သူတွေနဲ့ KIA ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ၊ ရှင်းရှင်းပြောရရင် ကချင်ပြည်သူအားလုံးက KIA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အသေအချာသတ်မှတ်ထားပြီးဖြစ်ပါတယ်။

စစ်တပ်။

ကျွန်တော်သိထားတာက စစ်တပ်ဟာ အစိုးရဆီက အချိန်တစ်ခု တောင်းထားတယ်။ ဒီအချိန်အတွင်း ပြတ်သားပြီးရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးတစ်ခုရအောင် အစိုးရနဲ့ စစ်တပ်တို့ပေါင်းပြီး နောက်ဆုံးကြိုးစားမယ်။ ဒီလိုကြိုးစားလို့မှ KIA ကငြိမ်းချမ်းရေးကို အချိန်ဆွဲပြီး ဝေ့လည်ကြောင်ပတ် ဆက်လုပ်နေရင် အစိုးရနဲ့ စစ်တပ်တို့မှာ တာဝန်မရှိတော့ဘူး။ အဲဒီအချိန်မှာ  KIA ကို ကြီးမားတဲ့ စစ်ဆင်ရေး တစ်ရပ်နဲ့ အပြီးအပိုင် တိုက်ခိုက်ချေမှုန်းပစ်ဖို့အစိုးရဆီက ခွင့်ပြုချက်ရရှိထားပြီးဖြစ်တယ်။ စစ်တပ်မှာ အင်အားရှိတယ်။ လက်နက်ရှိတယ်၊ စွမ်းရည်ရှိတယ်၊ လေကြောင်းအင်အားအသုံးပြုနိုင်တယ်၊ ဒါတွေကိုလက်ရှိ အသုံးမပြုရသေးဘူး။ ဒီလိုစွမ်းအားတွေအသုံးမပြုဘဲနဲ့တောင် KIA တွေ အတော်အထိနာနေပြီ၊ စစ်တပ်ရဲ့ လက်နက်ကြီးတွေအကြောင်း ကျွန်တော့်ထက် KIAက ပိုသိပါလိမ့်မယ်။ စစ်တပ်ကို အဆိပ်လက်နက်သုံးတယ် ဘာညာနဲ့ပြောပြီးကန့်ကွက်နိုင်ဖို့ နိုင်ငံတကာက နားလည်သူတွေကို ခေါ်ပြတော့လဲ ဘာအဆိပ်မှမတွေ့ ရတဲ့အတွက် ဘာမှမလုပ်နိုင်ခဲ့ဘူး။ ၁၀၅ မမလို လက်နက်ကြီးမျိုးနဲ့တင် နားကွဲပြီး သေမတတ်ဖြစ်နေတာ။ ဒီထက်ပြင်းတဲ့ လက်နက်တွေများ စစ်တပ်ကသုံးလာခဲ့ရင် KIA အတွက် တွေးတောင်မတွေးရဲဘူး။ စစ်တပ်မှာ  လေ့ကျင့်မှုအပြည့်ရှိတယ်၊ အတွေ့အကြုံအပြည့်ရှိတယ်။ လုပ်ရည်ကိုင်ရည်ရှိတဲ့ တပ်ချုပ်လိုခေါင်းဆောင်တွေက ဦးဆောင်နေတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးအယောင်ဆောင်၊ လူသတ်ကောင် KIAကို အချိန်တိုအတွင်း အပြီးတိုင် ချေမှုန်းနိုင်မယ် ဆိုတာကို အငြင်းပွားစရာအကြောင်းမရှိဘူး။

အစိုးရက ထိုးစစ်မဆင်ဖို့ပြော ထားတာကြောင့် ခုခံစစ်သာ လုပ်နေရတဲ့ စစ်တပ်ဟာ KIAတွေ လာပစ် နေတဲ့အတွက် ထိခိုက်မှုရှိတယ်။ ပုံမှန်သွားလာ လှုပ်ရှားတာကို မိုင်းလာ ထောင်တဲ့ KIAကြောင့် ထိခိုက်ကျဆုံး မှုတစ်ချို့ ရှိနေတယ်။ ဒီလိုထိခိုက် ကျဆုံးမှု တွေအတွက် စစ်တပ်က KIA ကိုအံကြိတ်ပြီး ကြည့်နေရတာ ကြာပြီ၊ ငြိမ်ခံခဲ့ရတဲ့အတွက် လက်စားချေဖို့ အသင့်ဖြစ်နေတယ်။ အမိန့်ရလို့ ကတော့ စစ်မြေပြင်မှာ ရန်သူကို နေလိုမီး လိုကျင့်မယ် ဆိုတဲ့အတိုင်း စစ်ဦးဘီလူးနဲ့ KIA ကို အမှုန့်ချေလိမ့်မယ်။

ဒီမိုကရေစီအစိုးရသစ်က သူတို့ရဲ့အစိုးရသက်တမ်းမှာ ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ရည်မှန်းချက်ချထားတာကြောင့် စစ်တပ်အနေနဲ့က အမိန့်နာခံမှုကောင်းစွာ အောင့်အီးသည်းခံနေတာဖြစ်တယ်။ ပြည်ထောင်စုတပ်မတော်ဖြစ်တဲ့အတွက် တစ်ဖက်မှာ တစ်တိုင်းပြည်လုံး တည်ငြိမ်အေးချမ်းဖို့ လုံးလုံးလျားလျားတာဝန်ရှိနေသလို တစ်ဖက်မှာလည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန်ရှိနေတယ်။ ဒီအချက်တွေကြောင့်KIA ကို အပြီးသတ် ချေမှုန်းပစ်မယ်ဆိုရင် ဒါဟာ စစ်တပ်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုလို့ ဆိုရမှာပဲဖြစ်ပါတယ်။

အစိုးရ။

အစိုးရအနေနဲ့ KIA ဟာ အကြမ်းဖက်အဖွဲ့အစည်းစစ်စစ်ဖြစ်တယ်ဆိုတာကို အခုလောက် ဆိုရင်ဖြင့် ကောင်းကောင်းသိနေလောက်ပါပြီ။ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကို တိုင်းရင်းသားအဖွဲ့အစည်း တစ်ခုလိုတော့ အချိန်တိုင်း မြင်နိုင်လိမ့်မယ်မထင်ပါဘူး။ ဒီလိုဆိုရင် အကြမ်းဖက်အဖွဲ့အစည်း KIA နဲ့ ရောနှောအမြင်ခံရတဲ့ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေအတွက် နစ်နာပါတယ်။ ဒါပေမယ့် စိုသောလက် မခြောက်မီဆိုသလို ဆွေးနွေးလက်စနဲ့ အစိုးရဘက်က သဘောထားကြီးစွာ အလျှော့ပေးပြီး ဒီတစ်ကြိမ်တော့ဖြင့် KIA နဲ့ ဆွေးနွေးရပါအုံးမယ်။  ဒီတစ်ကြိမ် ငြိမ်းချမ်းရေးကို အရင်တုန်းကလို ပြန်အဖြစ်ခံလို့ မရတော့ပါဘူး။ ရှင်းရှင်းပြောရရင်  ငြိမ်းချမ်းရေးယူရင်ယူ၊ မယူရင် စစ်တပ်နဲ့ ဖြေရှင်းခိုင်း။ ဒါကိုပဲ အစိုးရက ဆုံးဖြတ်ရမှာပါ။

ကျွန်တော့်ယူဆချက်။

တစ်ဦးနဲ့တစ်ဦး ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ ဆိုတဲ့စကားရှိပါတယ်။ အခုအခြေအနေက ချစ်စကို ရှည်အောင်လုပ်လို့မရတော့ဘူးဗျ။ ချစ်စက ပြတ်သွားခဲ့ပြီးပြီ၊ မုန်းစဖြစ်လာခဲ့တာ ကလဲ တစ်နှစ်ကျော်ခဲ့ပြီ၊ မုန်းစကိုတိုအောင်ဘယ်လိုလုပ်ကြမလဲ။ မုန်းစကို တိုနိုင်ဖို့ စစ်တပ်ကတော့ ကြိုးစား နေတာပဲ။ အစိုးရအနေနဲ့ KIA နဲ့ကိစ္စမှာ အပြီးတိုင်ငြိမ်းချမ်းရေးကိုပဲ လုပ်မှဖြစ်မယ်။ မထိတထိ ၉၄ ငြိမ်းချမ်းရေးလိုလုပ်မိရင် အခုအပ်နဲ့ထွင်းရမဲ့နေရာမှာ နောင်ပုဆိန်နဲ့ပေါက်ရပါလိမ့်မယ်။ အဲဒီအခါကျ စစ်တပ်ကပဲ ဝင်ရောက်ဖြေရှင်းရပါလိမ့်အုံးမယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်ထဲက ပြည်သူတွေအတွက်လဲ ထည့်စဉ်းစားသင့်တယ်။ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးစီမံတယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲ လိုက်လျော သင့်တယ်။ ဒီအတိုင်းအတာကိုကျော်ရင် ဆုံးဖြတ်သင့်တာကို ပြတ်ပြတ်သားသားဆုံးဖြတ်ရပါမယ်။ အများနဲ့ တစ်ယောက်ဖြစ်နေတာအတွက်တော့ အဖြေကရှင်းပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်ရအောင် ပုပ်နေတဲ့ ငါးခုံးမကိုပဲ ဖယ်ထုတ်ရမှာပါ၊ တစ်ခါတစ်ရံမှာ ဘယ်သူတွေဘာပြောပြော ကိုယ့်ပြည်တွင်းတိုင်းရင်းသားတွေ ထမင်းနပ်မှန်အောင်စားပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့က ပိုအရေးကြီး ပါတယ်။ စစ်တပ်ကိုလည်း လုပ်သင့် လုပ်ထိုက်တာ ပြတ်ပြတ်သားသား လုပ်ဖို့ ခွင့်ပြုသင့်တယ်။

ကချင်ပြည်နယ်နေ ပြည်သူများမှ စစ်တပ်သို့ ပန်ကြားချက်။

KIA ဟာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုသာဖြစ်ပါတယ်။ ဒီအဖွဲ့ရှိနေတာကို ကျွန်တော်တို့ကချင်ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားတွေ အားလုံးက လုံးဝလက်မခံနိုင်ပါဘူး။ ရေရှည်စောင့်ကြည့်နေရင် အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုတာမျိုးဖြစ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးဇာတ်မျောကြီးတော့ အဖြစ်မခံကြပါနဲ့၊ ဒီမိုကရေစီခေတ်မှာ အဓိက အလေးထားရမှာက ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒပါ၊ ပြည်သူတွေက စစ်တပ်ကို တောင်းဆိုပါတယ်၊ ပန်ကြားပါတယ်၊ ကချင်ပြည်သူတွေရဲ့ရန်သူ KIA ကို ရှင်းလင်းပေးပါ။ ကချင်ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးပါ။ စစ်တပ်ရဲ့ အဓိကတာဝန်တစ်ရပ်ဖြစ်တဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်လုံခြုံရေးကိုကာကွယ်ပေးပါ။ KIA ရဲ့လုပ်ရပ်တွေဟာ အခြေခံဥပဒေကို ဖောက်ဖျက်နေတာ အသေအချာဖြစ်ပါတယ်။ စစ်တပ်မှာ အခြေခံဥပဒေကိုကာကွယ်ဖို့ အဓိကတာဝန်ရှိတဲ့အတိုင်း  KIA ကိုအပြီးတိုင် သုတ်သင်ချေမှုန်းပေးပါ။ အခုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIAဟာ အရင်အတိုင်းပဲ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေ ကိုသာ ဆက်ပြီးတောင်းဆိုနေရင်တော့ဖြင့် စစ်တပ်မှာရှိတဲ့ သမိုင်းပေးတာဝန်တွေအရ KIA အကြမ်းဖက်အဖွဲ့ကို အင်အားသုံးပြီး လက်စတုံးချေမှုန်းပေးဖို့ ကချင်ပြည်သူတွေအားလုံးရဲ့ကိုယ်စား အထူးပန်ကြားလိုက်ပါတယ်။

ကချင်ပြည်နယ်နေသူများကိုယ်စားပြု ကချင်တစ်ဦး

http://www.kachindailynews.com/2012/10/blog-post_7338.html

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ကချင် ပြည်နယ် နေ ပြည်သူများမှ တပ်မတော် သို့ ပန်ကြားချက်

Labels:

0 comments: